ရန်ကုန်၊ ဇွန် ၃
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ကျော်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ မတောကျေးရွာအတွင်းတွင် အလှူလုပ်နေပြီး ဗုံးကျဲမှုကြောင့် လူစုလူဝေးအပေါ်သို့ ဗုံးကျရောက်ခဲ့ကြောင်း ၊ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ကလေးယ်များ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေ ဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများတွင်လည်း အသက်အန္တရာယ်စိုးရိမ်သူများ ပါဝင်နေသဖြင့် သေဆုံးသူ အရေအတွက် ထပ်မံ မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။
“အဲဒီဘက်က အင်တာနက်လိုင်းတွေ မရတော့ ဓာတ်ပုံတွေ မရနိုင်သေးဘူး။ အခြေအနေက အတော်ကို ဆိုးတယ်။ သေတဲ့သူတွေကတော့ တစစီဖြစ်သွားတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အရမ်းပြင်းထန်သူတွေပါတော့ သေဆုံးသူအရေအတွက်က မြင့်တက်လာနိုင်တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိတွင် မင်းကင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုဖြင့် ဝင်ရောက်ပြီး ကျေးရွာများကို ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက် ဆီးမှုများကို ပြုလုပ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
