25 C
Yangon

မတ္တရာမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်

Must read

မတ္တရာမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်

■ သထုံနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် ၁ ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ဘုန်းကြီးများ ပျက်စီး

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ရှမ်းမြောင်းရွာ အနောက်ဘက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးလားသော ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ်ပြီး ရုပ်အလောင်းများကို အနီးအနားရှိ မြောင်းထဲ၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခဲ့သည့် ပြည်သူ ၃ ဦးသည် အသက် ၂၀ ကျော်အရွယ်သာ ရှိသေးပြီး မည်သည့် ကျေးရွာသားများ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာ မဟုတ်ဘူး။ ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့တာ ဘယ်ရွာသားတွေလည်း ဆိုတာလည်း မသိသေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် ၁ ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ဘာသာရေး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း စခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ရွှေရောင်ပြရွာထိပ်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ခမရ-၉ တပ်ရင်း စခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ရေဝေရွာ ထဲ လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ရေဝေရွာ ဘုန်းကြီးကျောင်းဆောင် အဆောက်အဦး ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ကျိုက်ထိုမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က သိမ်ဇရပ်မြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်ရင်းနှင့် ခမရ-၂၀၇ တပ်ရင်းစခန်းတို့က လက်နက်ကြီး အလုံးရေ ၃၀ ကျော် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ စစ်ကွင်းရွာကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အဆိုပါ စခန်းများမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန် ၆ လ အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်စခန်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ်ကွင်းရွှာမှ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး ဇွန်လ ၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်စခန်းက လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article