28 C
Yangon

တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလပိုင်းမှ စတင်ကာ ကန့်ဘလူမြို့နယ်မှ ဝါသဝ ပျူစောထီး စစ်ကြောင်းနှင့် တန့်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၊ ပျူစောထီးများဖြင့် ပူးပေါင်း၍ အင်အား ၃၀၀ ကျော်ခန့်ဖြင့် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းထားသော စစ်ကြောင်းသည် လက်ရှိချိန်တွင် တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ခနုဆည်ရွာ၊ ဝရငယ်ရွာ၊ ရွာသစ်ရွာ၊ အင်တခါးရွာ စသည့် ကျေးရွာများတွင် နယ်မြေချဲ့၍ အခိုင်အမာ တပ်စွဲထားသောကြောင့် တန့်ဆည်-ကံထူးမ ကားလမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများနှင့် တပ်စွဲထားသော ရွာများအနီးနေထိုင်သော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင် ဒေသပြည်သူများက ရှင်းပြသည်။

“ပျူခွေးနဲ့ စစ်ခွေးတွေက ရွာတွေအနီးမှာ ဘန်ကာတွေ ဆောက် ကတုတ်ကျင်းတွေတူးပြီး လရှည်အထိုင်ချတပ်စွဲမယ်လို့ ခန့်မှန်းရတယ်။ နောက်ပြီး တန့်ဆည်နယ် တောင်ဘက် ရွှေကတော်ရွာနဲ့ ကျွဲဆွဲရွာမှာလည်း ဘန်ကာတွေ ဆောက်လုပ် အထိုင်ချတပ်စွဲထားပြန်တယ်။ တန့်ဆည်မြို့ကို ကာပေးထားတဲ့ပုံစံပဲ ကံထူးမလည်းသိမ်းထားတော့ တန့်ဆည်ကို ဝင်သိမ်းမှာ ဝင်တိုက်မှာတွေကြောက်နေကြပုံပဲ ခံစစ်ပုံစံ မျိုးတွေနဲ့ နယ်မြေချဲ့အထိုင်ချလာကြတာတွေ့ရှိရတယ်။ အနောက်ဘက်ခြမ်းရော တောင်ဘက်ခြမ်းရော အထိုင်ချထားတဲ့ အင်အားပေါင်း ၃၀၀ နီးပါးလောက် အထိရှိမယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် ပူးပေါင်း စစ်ကြောင်းကြောင့် ရွှေကတော်ရွာ၊ ကျွဲဆွဲရွာ၊ တနယ်ရွာ၊ သရက်ခွရွာ၊ မှန်ကြိုင်ရွာ၊ မှန်ရင်းရွာ၊ ပိန္နဲကုန်းရွာ၊ တောင်စွန်းရွာ၊ ကံပေါက်ရွာ၊ ကိုးတောင်ဘို့ရွာ၊ ရွာသစ်ရွာ၊ ဝရငယ်ရွာ၊ ခနုဆည်ရွာ၊ သာယာကုန်းရွာ၊ အင်တံခါးရွာနှင့် ဝါးရုံကန်ရွာတို့နှင့် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၎င်းတို့တပ်စွဲထားရာ အနီးရှိ ကျေးရွာများကိုလည်း နေ့စဉ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ကျေးရွာအတွင်းကျန်ရှိခဲ့သော ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပြန်လည် ဝင်ရောက် ယူဆောင်နိုင်ခြင်းမရှိသောကြောင့် အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ ၅ လ ပိုင်းကတည်းက အခုချိန်ထိ ထွက်ပြေး တိမ်းရှောင်နေကြရတာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ တိမ်းရှောင်ရတဲ့ ရက်ပေါင်း ခန့်မှန်း ၁၅ ရက်လောက်ရှိသွားပြီ မိုးကလည်း မပြတ်ရွာနေတော့ တိမ်းရှောင်ကြရတဲ့ နေရာတွေမှာ ဆေးဝါးကအစ စားနပ်ရိက္ခာ အကူညီတွေလိုအပ်နေတယ်။ ရက်ရှည်လည်းဖြစ်တော့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ အမျိုးသမီးတွေအတွက် ကျန်းမာရေးကအစ စိုးရိမ်ရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ဆက်လက် ပြောဆိုသည်။

ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ဝရငယ်ရွာနှင့် ရွာသစ်ရွာ၌ အထိုင်ချ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်၏ ပူးပေါင်း စစ်ကြောင်းသည် အင်တခါးရွာနှင့် ကိုးတောင်ဘိုးရွာ ဘက်ကို စစ်ကြောင်းထိုးလာ၍ ယင်း ကျေးရွာ အနီးပတ် ဝန်းကျင်ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article