25 C
Yangon

အုတ်ဖို၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော မိုင်းပေါက်ကွဲမှု အပြီး စစ်တပ်က ဖမ်းဆီးသွား​သော ပြည်သူများအနက်မှ ကိုကုလားလေးဆိုသူ၏ မျက်စိနှစ်လုံးကို စစ်သားများက ဖောက်ထုတ် နှိပ်စက်

Must read

အုတ်ဖို၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော မိုင်းပေါက်ကွဲမှု အပြီး စစ်တပ်က ဖမ်းဆီးသွား​သော ပြည်သူများအနက်မှ ကိုကုလားလေးဆိုသူ၏ မျက်စိနှစ်လုံးကို စစ်သားများက ဖောက်ထုတ် နှိပ်စက်

ရန်ကုန်၊ ဇွန် ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော မိုင်းပေါက်ကွဲမှု အပြီး အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွား​သော ပြည်သူများအနက်မှ ကိုကုလားလေးဆိုသူ၏ မျက်စိနှစ်လုံးကို စစ်သားများက ဖောက်ထုတ် နှိပ်စက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၅ ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက ရဲစခန်းအထွက် လမ်းကြပ် တစ်နေရာ၌ TNT အပြင်းစား ပဒေသာမိုင်း ၃ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ် သား ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းအနီးရှိ ပြည်သူ ၁၇ ဦးကို ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီး ၁၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုကုလားလေး၊ ကိုဇော်ဦး၊ မအေးမိုး ၊ မရင်အေးနှင့် အခြားအမည်မသိ ပြည်သူတစ်ဦးကို ယနေ့ အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ၎င်းတို့ ၅ ဦးအနက် ရဲစခန်းအနီး မုန့်ဟင်းခါးရောင်းသည့် ကိုကုလားလေးကို စစ်သားများက မျက်လုံး ၂ လုံး ဖောက်ထုတ်ကာ နှိပ်စက်ပြီး ထိပ်တုံးခတ်ထားကြောင်း သိရသည်။

“ဖမ်းဆီးခံရသူတွေထဲက ရဲစခန်းအနီးမှာ မုန့်ဟင်းခါးဆိုင်ဖွင့်ရောင်းတဲ့ ကိုကုလားလေးဆိုတဲ့သူကို PDF တွေ မိုင်းလာထောင်တာ ဒီမျက်လုံးက မမြင်ဘူးလားဆိုပြီး မျက်လုံး တစ်လုံး ထိုးဖောက်တယ်။ ပြီးတော့ သူ့ရဲဘော်တွေမှန်း သိရက်သားနဲ့ မုန့်ဟင်းခါးတစ်ပွဲကို ၁၀၀၀ နဲ့ရောင်းလို့ဆိုပြီး နောက်မျက် လုံးတစ်ဖက်ကိုလည်း ဖောက်ထုတ်တယ်။ ပြီးတော့ ဝိုင်းရဲစခန်းထဲမှာ ထိပ်တုံးခတ်ထားတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဝိုင်းရဲစခန်း၌ မိုင်းဆွဲ တိုက်ခိုက်မှု မဖြစ်ပွားမီ အကြမ်းဖက် စစ်သားနှင့် ရဲ ၂၀ ခန့်သာရှိခဲ့သော်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖောကားဖြင့် အကြမ်းဖက်စစ်သား ၂၀ ခန့် ထပ်မံအင်အားဖြည့်ထားကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

Photo – ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားသော ပြည်သူ ၁ ဦး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article