ရန်ကုန်၊ ဇူလိုင် ၁၆
မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်အားလုံးပိတ်ပင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှု ချွေတာရန် မူဝါဒ ချမှတ်ထားသော မင်းအောင်လှိုင်က မြန်မာနှင့်ရုရှား ကြည်းတပ်များအကြား စုပေါင်းလေ့ကျင့်သည့် နေပြည်တော်စစ်ဆင်ရေး စရိတ်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ သုံးစွဲလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
နေပြည်တော်တွင် ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့ အထိ ပြုလုပ်နေသည့် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း စစ်ဆင်ရေးအတွက် ကုန်ကျစရိတ်အားလုံးကို မင်းအောင်လှိုင်က မြန်မာဘက်မှ စိုက်ထုတ်သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
“နှစ်နိုင်ငံတပ်မတော်တွေအကြား စုပေါင်း လေ့ကျင့်မှုအတွက် ကုန်ကျစရိတ်တွေအားလုံးကို နေပြည် တော်စစ်ရုံးဘက်က ကျခံသုံးစွဲပါတယ်။ ရုရှားကနေ နေပြည်တော်အထိ လာတဲ့ ရုရှားကုန်တင်လေ ယာဉ် ငှားရမ်းပျံသန်းစရိတ်တွေ၊ နေပြည်တော်မှာ နေထိုင်တဲ့ ကုန်ကျစရိတ်၊ ဟိုတယ်၊ ကား၊ စားသောက်စရိတ်၊ ရုရှားတပ်မတော်က အရာရှိနဲ့စစ်သည်တွေအတွက် Daily per diem expense တွေအားလုံး အပါပေါ့။ စစ်ဆင်ရေး ကုန်ကျစရိတ်အားလုံးကို မြန်မာဘက်ကပေါ့ အကုန်အကျခံတာပါ။ နေပြည်တော်စစ်ရုံးနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနက အကုန်အကျခံတာ။ စစ်ဆင်ရေးက ၁၂ ရက်နဲ့ ကြိုတင်လာတဲ့ရက်တွေအတွက်ပါ အကုန်အကျခံ သုံးစွဲရတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ရေးဆိုင်ရာ သင်တန်းများ လာရောက်ပို့ချမည့် ရုရှားစစ်ဘက်ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားကုန်တင်လေယာဉ်များသည် ယခုလအတွင်း နေပြည် တော်သို့ ဆက်တိုက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၄ ရက်နေ့ ရုရှားနိုင်ငံမှ IL-76 အမျိုးအစား စစ်ဘက်သုံးကုန်တင်လေယာဉ် ၁ စီးနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာကြောင်း၊ လတ်တလော ရုရှားကိုယ်စားလှယ်အဖွဲ့က နေပြည်တော်တွင်ပင် စစ်ကောင်စီတပ်မှ အရာရှိနှင့်စစ်သည်များကို စစ်ဘက်ဆိုင်ရာ သင်တန်းတစ်ခု ပို့ချနေပြီး ဇူလိုင်လ ၁၇ ရက်နေ့အထိ အဆိုပါရုရှား IL-76 လေယာဉ်မှာ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ရုရှားစစ်ဘက်အရာရှိကြီး ၃ ဦးကို တင်ဆောင်လာသည့် လေယာဉ်ငယ်တစ်စီးမှာလည်း ဇူလိုင် လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး စစ်ဆင်ရေး စုပေါင်းလေ့ကျင့်မှု ဖွင့်ပွဲ တက်ရောက်ခဲ့ကာ ဇူလိုင်လ ၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာခဲ့သည်။






