လားရှိုးမြို့အဝင် လမ်းပိုင်းများကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး၊ လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ
ရန်ကုန်၊ ဇွန် ၁၃
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အဝင် လမ်းပိုင်းများကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေပြီး လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လားရှိုးမြို့အဝင် လမ်းပိုင်း ၃ နေရာကို မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်း ၃ နေရာသည် လားရှိုး-မိုင်းယော် သို့ သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် ဖြစ်ကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် အကြမ်းဖက် စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲများ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြို့အဝင်လမ်းမများကို ဖြတ်တောက်နေခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ – နမ္မတူ လမ်းပိုင်းကို မြေတူး စက်များ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လုပ်ဆောင်ချက်သည် တော်လှန်ရေး အင်အားစုများကို ဟန့်တား နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သား ပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။