27 C
Yangon

မုံရွာနှင့် စစ်ကိုင်း မြို့နယ်တို့တွင် ကြေးနီတင်ကားများကို လုံခြုံရေး ပေးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ ဖျောက်ဖျက်

Must read

မုံရွာနှင့် စစ်ကိုင်း မြို့နယ်တို့တွင် ကြေးနီတင်ကားများကို လုံခြုံရေး ပေးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ ဖျောက်ဖျက်

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကြေးနီတင်ကားများကို လုံခြုံရေး ပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၃ မိနစ်ခန့်တွင် မုံရွာ-ချောင်းဦး လမ်းပိုင်း မြပုလဲ တိုးဂိတ်မှ အကြမ်း ဖက်စစ်သားများနှင့် တောပုရွာမှ ထွက်လာသော ပျူစောထီးများသည် ကြေးနီကားများကို ကင်းယူပေးရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းပေါ်ရပ်၍ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးမှု ပြုလုပ်စဉ် ဝမ်ပေါင်မှ ထွက်လာသော ကြေးနီတင်တွဲကား ၆ စီး ရောက်ရှိပြီး ကားပေါ်ပါလာသည့် အကြမ်းဖက် စစ်တပ် မှ အရာရှိကို မိုင်းပွိုင့်ပေါ်၌ စုပြုံရပ်ပြီး အလေးပြုနေချိန် ပဒေသာ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး အများအပြားသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သားများနှင့် ပျူစောထီးများ၏ အလောင်းများကို အနီးအနားရှိ ပြည်သူပိုင် တိုက်အိမ်နှင့် ဂိုဒေါင် ၂ လုံးအတွင်း ထည့်ကာ မီးရှို့ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေဆုံးမှု အရေအတွက်ကတော့ အတိအကျ မသိရဘူး။ သေတဲ့သူတွေကို အနီးမှာရှိတဲ့ ပြည်သူပိုင် တိုက်အိမ် ထဲထည့်ပြီး ချက်ချင်းသင်္ဂြုလ်ပစ်လိုက်တာ တိုက်အိမ်မှာက ကုန်စုံဆိုင်ဖွင့်ထားတယ်။ တောပုရွာက ပျူစောထီးတွေက မနေ့ကမှ ပါလာတာ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ခွဲ ၁ နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများ၏ မီးရှို့ဖျက်ဆီးခံရသော ပြည်သူပိုင် တိုက်အိမ် ၁ လုံးနှင့် ဂိုဒေါင် ၂ လုံးတို့ ဆုံးရှုံးမှု အပေါ် အထူးပင်စိတ်မကောင်းဝမ်းနည်းရပါကြောင်း People’s Defence Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ပေးနေသည့် စစ်ကားကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) ထံမှ သိရသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာဘက်မှ ကြေးနီများ တင်ဆောင်လာသော ကြေးနီကား ၁၆ စီးကို လုံခြုံရေးပေးရန် စစ်သားများ လိုက်ပါလာသော ၆ ဘီးကား ကို စစ်ကိုင်း – မုံရွာ – ရွှေဘို လမ်းပိုင်းရှိ စစ်ကိုင်း တက္ကသိုလ် အနီးတွင် မိုင်းပွိုင့် ၁ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး ကားပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ လမ်းဘေးတွင် ကင်းပုန်းဝပ်နေသော စစ်သားများသာ ပြန်လည် ပစ်ခတ်ကြောင်း၊ မိုင်းမှန်ထားသော ကားသည် ဆက်လက် မောင်းနှင်နိုင်ခြင်းမရှိဘဲ အချိန် ၂ နာရီကျော်ကြာ ကားကို ပြန်လည် ပြုပြင်၍ ဒဏ်ရာရ စစ်ကောင်စီတပ်သားများနှင့်အတူ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာဘက်မှ ကြေးနီများ တင်ဆောင်လာသော ကြေးနီကားများ၏ နောက်တွင် လုံခြုံရေး လိုက်ပါလာသော စစ်ကား ၂ စီးကို စစ်ကိုင်း – မုံရွာ – ရွှေဘို လမ်းပိုင်းရှိ စစ်ကိုင်းမြို့ ဟပ်ပီးလိုက် ကစားကွင်းအနီးတွင် မိုင်းပွိုင့် ၁ ပွိုင့်ဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ရှေ့ဆုံးမှ ထွက်လာသည့် စစ်ကားကို ထိမှန်ခ့်ပြီး နောက်မှ လိုက်ပါလာသည့် စစ်ကားပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးပတ်ဝန်းကျင်ကို ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များ ဖြင့် အချိန်အတော်ကြာ ပစ်ခတ်ခဲ့ပြီး လမ်းကို ခေတ္တ ပိတ်ထားခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း လင်းယုန်ညီနောင် ပြောက်ကျား တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article