38.1 C
Yangon

၅ နှစ်သား ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အားနည်းချက်၊ ဟာကွက်များကို မထောက်မညှာ ဝေဖန်ဆန်းစစ်ပြီး သင်ခန်းစာယူ ပြုပြင်ကြရမည့်အချိန်ရောက်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

Must read

ရန်ကုန်၊ မေ ၅

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ကို တော်လှန်နေသော ၅ နှစ်သား ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အားနည်း ချက်၊ ဟာကွက်များကို မထောက်မညှာ ဝေဖန်ဆန်းစစ်ပြီး သင်ခန်းစာယူ ပြုပြင်ကြရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

ယနေ့ ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သော သဝဏ် လွှာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေနဲ့ ကိုယ့်ရဲ့စွမ်းဆောင်မှု၊ ကိုယ့်ရဲ့အားသာချက်များအတွက် ဂုဏ်ယူကြရမှာ ဖြစ်သလို၊ ဒီအချိန်မှာ ကိုယ့်ရဲ့အားနည်းချက်၊ ကိုယ့်ရဲ့ဟာကွက်များအတွက် မထောက်မညှာ ဝေဖန်ဆန်းစစ်ပြီး သင်ခန်းစာယူ ပြုပြင်ကြရမယ့်အချိန်လည်း ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောဆိုသည်။

လက်ရှိတွင် ပြည်သူ့တော်လှန်ရေးဆင်နွှဲနေသော ကာလတွင် တော်လှန်ရေး၏ အနိမ့်အမြင့် အတက်အကျ မျိုးစုံကို ဖြတ်သန်းနေရကြောင်း၊ အောင်ပွဲရသည်အထိ ရှေ့ဆက်ရန် လိုအပ်သော အတွေ့အကြုံများ ရရှိခဲ့ပြီးဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ငါတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ စတင်ဖွဲ့စည်းချိန်ကစလို့ ခုချိန်ထိ တော်လှန်ရေးလောကဓံ အနိမ့်အမြင့် အတက် အကျမျိုးစုံကို ဖြတ်သန်းပြီး အောင်ပွဲရတဲ့အထိ ရှေ့ဆက်ဖို့လိုအပ်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပြီးဖြစ်တယ်။ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်ကြောင့် နေရာဒေသတချို့မှာ ပြည် သူ့ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေတာကိုလည်း ငါတို့ အထူးသတိပြုရမယ်။ သို့ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးအပေါ် ပြည်သူ့ထောက် ခံပါဝင်မှုဟာ ဆက်လက်ရှိနေဆဲ ဖြစ်တယ်။ ဒီအနေအထားကို ထိန်းသိမ်းပြီး ပြည်သူနဲ့ တော်လှန်ရေး တသားတည်း ရှိစေဖို့ ဆက်လက်ကြိုးစားရမှာ ဖြစ်တယ်။ တော်လှန်ရေးရှေ့ခရီးအတွက် ငါတို့တပ်တွင်း သွေးစည်းရေး၊ မဟာမိတ်ညီညွတ်မှု ခိုင်မာရေး၊ ဗျူဟာမြောက် တိုက်ပွဲဝင်ရေးအတွက် ဆက်လက်ထမ်းပိုး လုံ့လစိုက်ထုတ်ကြရမှာ ဖြစ်တယ်” ဟု ဦးရည်မွန်က ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ရရှိထားသည့် တပ်တည်ဆောက်ရေး၊ စစ်ဆင်ရေး အတွေ့အကြုံ၊ ပြည်သူ့ စစ်ဗျူဟာများဖြင့် ကွပ်ကဲမှု၊ တိုက်စွမ်းရည်နှင့် ကျင့်ဝတ် စည်းကမ်းလိုက်နာမှု အားကောင်းသော တပ်ဖြစ်အောင် အားဖြည့် တည်ဆောက်ကြရမည်ဖြစ်ကြောင်း ၊ တပ်တည်ဆောက်ရေးနှင့်တွဲဖက်ပြီး ဘဏ္ဍာရန်ပုံငွေနှင့် စစ် လက်နက်ပစ္စည်းအရင်းအမြစ်များ ရှာဖွေစုဆောင်းရေးကိုလည်း ပိုမိုအားစိုက်ရမည်ဖြစ်ကြောင်းသူက ဆိုသည်။

ယင်းအပြင် NUG ကာကွယ်ရေးဝန်ကြီးက သူကိုယ်တိုင်လည်း မြေပြင်တွင် ရဲဘော်များနှင့်အတူ ရှိနေမည်ဖြစ် ကြောင်း၊ သိမ်း ပိုက်ထားသော မြို့တချို့ ယာယီစွန့်ခွာရမှု အပါအဝင် အခက်အခဲတချို့ ရှိနေသော်လည်း ခိုင်မာ သော သန္နိဋ္ဌာန်၊ ပြင်းပြသည့် ယုံ ကြည်ချက်၊ ထက်မြက်သည့် ဉာဏ်ပညာနှင့် ရင့်သန်သည့် စိတ်ခွန်အားကို အရင်းတည်ပြီး လတ်တလောအခြေအနေကို အတူတကွ ရင်ဆိုင်ကျော်လွှားကြရန် တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article