26 C
Yangon

VPN ပိတ်ပင်ရေး စီမံချက်နှင့်ပတ်သက်သော သတင်းများပေါက်ကြားမှု မရှိစေရန် စစ်ကောင်စီက သတိပေးလိုက်ပြီး Facebook နှင့် VPN ကို မပိတ်ပင်သော ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ ၉ ခုကို ဒဏ်ရိုက်အရေးယူ

Must read

VPN ပိတ်ပင်ရေး စီမံချက်နှင့်ပတ်သက်သော သတင်းများပေါက်ကြားမှု မရှိစေရန် စစ်ကောင်စီက သတိပေးလိုက်ပြီး Facebook နှင့် VPN ကို မပိတ်ပင်သော ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ ၉ ခုကို ဒဏ်ရိုက်အရေးယူ

■ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီလည်း VPN နှင့် Facebook မပိတ်၍ အရေးယူခံရ

ရန်ကုန်၊ ဇွန် ၁၆

အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်လျက်ရှိသော VPN ပိတ်ပင်ရေး စီမံချက်နှင့်ပတ်သက်သော သတင်းများ ပေါက်ကြားမှုမရှိစေရန် စစ်ကောင်စီက သတိပေးလိုက်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် Khit Thit Media က မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင် ရွက်နေကြောင်း သတင်းဖော်ပြခဲ့ကြောင်း၊ ထိုသို့ သတင်းဖော်ပြပြီးနောက် စစ်ကောင်စီက ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများကို အစည်းအဝေး ခေါ်ယူ၍ စစ်ဆေးခြင်း၊ နောက်နောင် သတင်းပေါက်ကြားမှုမရှိစေရေး နှုတ်ဆိတ်နေကြရန် သတိပေးခဲ့ကြောင်း သိရှိရသည်။

“ခေတ်သစ်မှာ ဇွန်လ ၄ ရက်နေ့ သတင်းဖော်ပြပြီးတော့ နောက်တစ်ရက်မှာ နေပြည်တော်မှာ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတွေ အကုန်လုံးကို အစည်းအဝေးခေါ်တယ်။ ဒီလိုမျိုး VPN ပိတ်ပင်ရေး စီမံချက်တွေ ပေါက်ကြားတာက မဖြစ်သင့်ဘူး။ နောက်နောင် အဲဒါမျိုး မဖြစ်စေဖို့ သတိပေးတယ်။ စစ်ဆေးမှုတွေလည်း လုပ်တယ်” ဟု ပုဂ္ဂလိက ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက မေလ ၃၀ ရက်နေ့မှစတင်ပြီး VPN များကို ပိတ်ပင်ခဲ့ရာတွင် Facebook နှင့် VPN ကို မပိတ်ပင်သော ကုမ္ပဏီများကို အရေးယူခဲ့ကြောင်း၊ ထိုသို့ အရေးယူခံရသည့် ဆက်သွယ်ရေးကုမ္ပဏီများတွင် စစ်တပ်ပိုင် Mytel လည်းပါဝင်ကြောင်း သိရှိရသည်။

Facebook နှင့် VPN မပိတ်ပင်၍ စစ်ကောင်စီက ဒဏ်ရိုက်အရေးယူသော ဆက်သွယ်ရေးကုမ္ပဏီ ၉ ခုမှာ

၁-Mytel

၂- Atom IGWs

၃-Globalnet

၄-Campana

၅-MBT

၆-AGB ISP

၇-Ocean wave

၈-Myanmar Country (Maharnet)

၉-Horizon Telecom (Hi) တို့ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ စစ်ကောင်စီက ဖိအားပေးမှုကြောင့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများမှာ VPN များကို မဖြစ်မနေ ပိတ်ပင်ထားရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် စစ်တပ်ပိုင် Mytel ကုမ္ပဏီ စတင် မိတ်ဆက်ခြင်း အခမ်းအနားတက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article