27 C
Yangon

ဂျပန် ODA စီမံကိန်း အသစ်များ ဆိုင်းငံ့ထားသော်လည်း စီမံကိန်းအဟောင်းများ ဆက်လက်လုပ်ဆောင်နေဆဲ၊ လည်ပတ်နေဆဲဖြစ်သည့် စစ်ကောင်စီ နှင့် တိုကျို အကြား စီးပွားဖက် ဆက်ဆံရေး

Must read

ဂျပန် ODA စီမံကိန်း အသစ်များ ဆိုင်းငံ့ထားသော်လည်း စီမံကိန်းအဟောင်းများ ဆက်လက်လုပ်ဆောင်နေဆဲ၊ လည်ပတ်နေဆဲဖြစ်သည့် စစ်ကောင်စီ နှင့် တိုကျို အကြား စီးပွားဖက် ဆက်ဆံရေး

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်တိုင်းအတွင်း ဂျပန် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (ODA) နဲ့တည်ဆောက်ထားတဲ့ ပဲခူးမြစ်ကူးတံတားကို ပြီးခဲ့တဲ့ ဇွန်လ ၈ရက်က ဖွင့်လှစ်ခဲ့ပြီး၊ ဒါဟာ တိုကျိုအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးအရ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဖော်ပြနေပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့ကို ဆက်သွယ်ထားတဲ့ အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်တွေကြောင့် နှစ်နှစ်ကျော်ကြာ ဆိုင်းငံ့ထားခဲ့ရာက အခုလို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

တံတားရဲ့အဓိကအပိုင်းတွေကို ဂျပန် Yokogawa Bridge နဲ့ Sumitomo Mitsui Construction တို့က ပူးပေါင်းတည်ဆောက်ခဲ့တာပါ။ Yokogawa ဟာ စစ်တပ်နဲ့ဆက်နွယ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ဆက်ဆံရေးကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

“Yokogawa Bridge ရဲ့ MEC နဲ့ စီးပွားရေးအရ ဆက်ဆံရေးကတဆင့် ဂျပန်အစိုးရဟာ စစ်ကောင်စီကို ၎င်းရဲ့ ယုတ်မာရက်စက်မှုတွေအတွက် ထိထိရောက်ရောက် အကူအညီပေးနေတာဖြစ်တယ်။ ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို လူသားချင်းစာနာမှုနဲ့ မဆိုင်တဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ မပေးသင့်တော့ပါဘူး” လို့ Human Rights Watch ရဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၃ရက် ထုတ်ပြန်ချက်မှာ အာရှရေးရာအစီအစဉ်အရာရှိ Teppei Kasai က ပြောဆိုထားပါတယ်။

Yokogawa Bridge အနေနဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေစီမံကိန်းအတွက် ၂၀၂၂ ဇူလိုင်လကနေ နိုဝင်ဘာလအတွင်း MEC ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် လွှဲပြောင်းပေးခဲ့တာကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြောင်း HRW က ထုတ်ပြန်ထားပါတယ်။ အဆိုပါ အငြင်းပွားဖွယ်စီမံကိန်းအတွင်း ထောက်ပံ့ရေးကွင်းဆက်အပေါ် ခြိမ်းခြောက်ခံနိုင်ရမှုတွေကို စီမံခန့်ခွဲရာမှာ ဂျပန်ကုမ္ပဏီအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့က ပြုလုပ်ကျင်းပတဲ့ အဆိုပါတံတားတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ဂျပန်နဲ့ မြန်မာစစ်ကောင်စီအရာရှိတွေ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။ တံတားဖွင့်ပွဲအထိန်းအမှတ်အဖြစ် တပတ်တာ အခမဲ့သွားလာခွင့်ပြုထားပြီး ဇွန်လ ၁၆ရက်မှာ ဖြတ်သန်းခ စတင်ကောက်ခံသွားမယ်လို့လည်း သိရပါတယ်။

ဂျပန်ရဲ့ ODA အစီအစဉ်အရ ယန်း ၃၁ ဘီလီယံ (ဒေါ်လာ ၁၉၇ ဒသမ ၃၆ သန်း) ချေးငွေကို အဓိကထားပြီး တံတားတည်ဆောက်ခဲ့တာပါ။ အဆိုပါချေးငွေကို ဂျပန်အစိုးရက စစ်တပ်အာဏာမသိမ်းမီ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ထုတ်ပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းအတွင်း ဆောက်လုပ်ရေးနှောင့်နှေးမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဘတ်ဂျက်ငွေ ပိုမိုကုန်ကျသွားတယ်လို့ ယူဆရကြောင်းလည်း သိရပါတယ်။ စီမံကိန်းပြီးမြောက်ဖို့အရေး မြန်မာဘက်က ကျပ်ငွေ ၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၉ သန်း) ပေးဆောင်ခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်တဲ့ မီဒီယာမှာ ဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဂျပန်အစိုးရက အကူအညီအသစ်တွေပေးဖို့ ရပ်ဆိုင်းထားပေမဲ့ လက်ရှိစီမံကိန်းများစွာကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပဲခူးမြစ်ကူးတံတားစီမံကိန်းအပြင် ရန်ကုန်-မန္တလေးကြား ပြေးဆွဲနေတဲ့ အဓိကရထားလမ်းပိုင်းကို ပြုပြင်ပေးတဲ့ စီမံကိန်းလည်း ဂျပန် ODA က ထောက်ပံ့ငွေနဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဆိုပါ ရထားလမ်းစီမံကိန်းက ပြီးစီးလုနီးပြီလို့ဆိုပေမဲ့၊ စစ်ကောင်စီက အဆိုပါရထားလမ်းကို စစ်သည်၊ လက်နက် သယ်ယူရေးတွေမှာ အသုံးပြုမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောကြားမှုတွေနဲ့အတူ မကြာခဏဆိုသလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လမ်းပိုင်းအပြီးသတ်ရေး အလုပ်သမားတွေရဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။

“မြန်မာနိုင်ငံမှာ ODA ပရောဂျက်တွေ ဆက်လက်လုပ်ဆောင်ဖို့ ဂျပန်အစိုးရအနေနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချပြီးဖြစ်တာကြောင့် ကုန်ကျစရိတ် တိုးမြှင့်မှုနဲ့ ဘေးကင်းရေးဆိုင်ရာ ပံ့ပိုးမှုတွေ ပေးသင့်တယ်” လို့ အဆိုပါစီမံကိန်းတွေမှာ ပါဝင်တဲ့ ရန်ကုန်က ဂျပန်ကုမ္ပဏီတခုရဲ့ အမှုဆောင်အရာရှိတဦးက ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာတော့ “ဆောက်လုပ်ရေးသုံး ပစ္စည်းတွေရဲ့စျေးနှုန်းက ၂၀၂၃ နှစ်လယ်ပိုင်းကစလို့ သိသိသာသာမြင့်တက်လာခဲ့ပြီး၊ အဲဒီပစ္စည်းတွေအထဲမှ ဘိလပ်မြေနဲ့ သံမဏိချောင်းတွေဆို ပြီးခဲ့တဲ့နှစ်ဇူလိုင်လကထက် ၃၀% ကနေ ၄၀% အထိ စျေးပိုပေးနေရတယ်လို့ ဆိုထားပါတယ်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ တရုတ် CITIC ရေနက်ဆိပ်ကမ်းနဲ့ အိန္ဒိယကုလားတန်စီမံကိန်း များအပါအဝင် “နိုင်ငံခြား ထောက်ပံ့မှု ရယူထားတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးတွေ” ကလည်း နှောင့်နှေးကြံ့ကြာမှုတွေနဲ့ ဆက်လက်ရင်ဆိုင်ရဦးမယ်လို့ အဆိုပါအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Ref/ Photo- Nikkei Asia

ပုံစာ- ပဲခူးတံတားဖွင့်ပွဲ တက်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article