28 C
Yangon

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှု အရပ်သားများသေဆုံးထိခိုက်မှုရှိ

Must read

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှု အရပ်သားများသေဆုံးထိခိုက်မှုရှိ

ရန်ကုန်| ဇွန် ၁၇

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် အပြစ်အရပ်သားပြည်သူများ သေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိနေသည်။

တောင်ကုတ်မြို့မှ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ပြီးခဲ့သည့် တစ်ပတ်ကျော်လောက်စ၍ AA က ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုများရှိနေသည်။

ဇွန်လ ၁၅ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေကြောင်း ထောက်ပို့လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ် ကျေးရွာက အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးက သေဆုံးသွားကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

” စစ်ကောင်စီက လေကြောင်းကနေ မြို့အနီးအနားကျေးရွာတွေကို မြို့အစပ်တွေကို လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတယ်။ ဇွန်လ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကယ်ရွာက အသက် ၁၇ အရွယ်ရှိတဲ့ မောင်အောင်လှိုင်ဝင်း ဗုံးစထိမှန်လို့ သေဆုံးခဲ့ရပါတယ်။ နေအိမ် ၅ ဆောင်လောက်လည်း ထိခိုက်ပျက်စီးသွားပါတယ်။ ” ဟု ပြောသည်။

နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက ရွာသစ်ကယ်ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်တွင် ဗုံးစထိမှန်ခဲ့၍ တောင်ကုတ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်တွင် သေဆုံးသွားရခြင်းဖြစ်သည်။

AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင် တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။

” စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။

အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။

ဓာတ်ပုံ – AA သိမ်းပိုက်ထားသော ပေါက်တောမြို့နယ်ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်စဉ်။ (ဓါတ်ပုံ – APM)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article