25 C
Yangon

ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူများကို ဥပဒေမဲ့ ရိုက်နှက်မှုကြောင့် အကျဉ်းသူ ၈၀ ဦး ကျော် ထိခိုက် ဒဏ်ရာရပြီး ၅ ဦးကျော် ပြင်းထန်ဒဏ်ရာရ

Must read

ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူများကို ဥပဒေမဲ့ ရိုက်နှက်မှုကြောင့် အကျဉ်းသူ ၈၀ ဦး ကျော် ထိခိုက် ဒဏ်ရာရပြီး ၅ ဦးကျော် ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၇

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူများကို ဥပဒေမဲ့ ရိုက်နှက်မှုကြောင့် အကျဉ်းသူ ၈၀ ဦး ကျော် ထိခိုက် ဒဏ်ရာရပြီး ၅ ဦးကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျိုက်မရော အကျဥ်းထောင်မှ ထောင်အပြောင်းဖြင့် ရောက်ရှိလာသော နိုင်ငံ‌ရေး အကျဉ်းသူများနှင့် မူလရှိ နိုင်ငံရေး အကျဉ်းသူများကို ဒိုက်ဦးအကျဉ်းထောင် အာဏာပိုင်များက ဥပဒေမဲ့ ရိုက်နှက်ခဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသူ ၈၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးကျော် ဦးခေါင်း ထိခိုက် ပေါက်ပြဲကာ ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရိုက်နှက်မှုကို ကိုယ်တိုင် အမိန့်ပေး၍ ဦးဆောင်ခဲ့ကြသည့် ထောင်ဝန်ထမ်းအရာရှိများမှာ ဦးစီးအရာရှိ ကျော်ဇေယျ ၊ မျိုးသီဟအောင် ၁ပွင့် (အမျိုးသမီးများကို မိုက်ရိုင်းသည့် စကားလုံးများဖြင့်ဆဲဆိုရိုက်နှက်သူ) ၊ မင်းဇော်သိန်း ၁ပွင့် (အမျိုးသမီးများကို ဆဲဆိုရိုက်နှက်သူ) ၊ ကိုလေးမြင့် (အဆောင်မှူး) တို့က ဥပဒေမဲ့ ရိုက်နှက်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ တော်လှန်ရေးအရွေ့ကို အာရုံမထားဘဲ စစ်ကောင်စီအလိုကျ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေကို ဖိနှိပ်ညှဉ်းပန်းလျှက်ရှိတာကိုတွေ့ရတယ်။ဒီလိုလူ့အခွင့်အ‌ရေးကို ပေါ်တင်ချိုးဖောက်နေသည့် အကျဉ်းဦးစီးဝန်ထမ်းတွေကို မြေပြင်မှာရှိ‌နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးပြီး ကျူးလွန်မှုနဲ့ညီမျှတဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ပြနိုင်မယ်ဆိုရင် လက်ရှိ ကျူးလွန်နေကြသည့် အကျဉ်းဦးစီးဝန်ထမ်းတွေ ဖိနှိပ်မှုတွေ‌လျော့နည်းသွားမယ်လို့ထင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် ကျိုက်မရောအကျဉ်းထောင်မှ ထောင်ပြောင်းမှုတွင် နိုင်ကျဉ်းအများဆုံးပါဝင်ခဲ့ပြီး အကျဉ်းသူ ၆၀ နှင့် အကျဉ်းသား ၁၀၀ကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင် များသို့ ပြောင်းရွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီး အကျဉ်းသူ ၆၀ တွင် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ပါဝင်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ကာ ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးများကို ထားသည့် တိုက်တစ်ခုတွင် ထား၍ ပါလာသည့်ပစ္စည်းများကို ထောင်ဝန်ထမ်းများမှ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပစ္စည်းရှာဖွေမှုပြီးဆုံးချိန်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးများထားရာ အိပ်ဆောင်သို့ ပို့ဆောင်ချိန်တွင် ရှာဖွေပြီးပစ္စည်းများကို လာပေးသော်လည်း ကျိုက်မရောထောင်မှ ပါလာသည့် အသုံးအဆောင်နှင့် အစားအသောက်များကို သိမ်းယူထားသည့်အတွက် ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသူများမှ ပြန်ပေးရန် တောင်းဆိုခဲ့ရာတွင် တောင်းဆိုမှုကို အမျိုးသမီးဝန်ထမ်းများမှ ကောင်းမွန်စွာ မဖြေရှင်းပေးဘဲ အမျိုးသားအရာရှိ ဝန်ထမ်းများကို ခေါ်ယူဖြေရှင်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရောက်ရှိလာသည့် အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းများသည် ရာထူးအာဏာကို အလွဲသုံးစားပြု၍ နိုင်ငံရေးအကျဉ်းသူများကို အော်ဟစ်ဆဲဆိုခဲ့ပြီး “မိုက်တဲ့ကောင်မ ထွက်ခဲ့ — ပေးမယ်(မုဒိန်းကျင့်‌) ဟု” ဆဲဆိုကာ မိုးပေါ် သို့ သေနတ် လေးချက်ပစ်ဖောက်ခဲ့ပြီး အခြားအဆင့် ဝန်ထမ်းများက လေးခွများဖြင့် ပစ်ခတ်ခြင်း၊ အရာရှိ ဝန်ထမ်းများကိုယ်တိုင် ကျဉ်စက်များ၊ ရော်ဘာတုတ်များ၊ သစ်သားတုတ်များ၊ ကျစ်ကြိုးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် ထောင်ပြောင်းနှင့်ရောက်ရှိလာသူ နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော် မူလကတည်း က ဒိုက်ဦးထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသူ ၅ ဦးကျော် ဦးခေါင်းထိခိုက်ပေါက်ပြဲဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင် ရိုက်နှက်ခံထားရသူအမျိုးသမီးများကို တိုက်ပိတ်ထားပြီး အပြင်းအထန်ရိုက်နှက်ခံထားရသူများမှာ ဒိုက်ဦးဆေးရုံဆောင်တွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း၊ထိုသို့ အမျိုးသမီးများအပေါ် အရှက်ရစေရန် ဆဲဆိုပြီး ညစ်ညမ်းသောစကားအသုံးအနှုန်းများဖြင့် ပြောဆိုခြင်း ၊လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခြင်းစသည့် လူ့အခွင့်အ‌ရေးချိုးဖောက်နေမှုတို့ကို ကျူးလွန်သူ အကျဉ်းဦးစီးဝန်ထမ်းများအား တော်လှန်ရေးအင်အားစုများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ထိရောက်သည့် အပြစ်ပေးအရေးယူမှု ပြုပေးပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article