30 C
Yangon

မြန်မာနိုင်ငံတွင် Facebook နှင့် VPN အသုံးမပြုနိုင်ရေး စစ်ကောင်စီက ပိတ်ဆို့တားဆီးရာတွင် တရုတ် Geedge Networks နှင့် တရုတ်အစိုးရပိုင် CEIEC ကုမ္ပဏီတို့ ပါဝင်ပတ်သက်ကူညီနေ

Must read

မြန်မာနိုင်ငံတွင် Facebook နှင့် VPN အသုံးမပြုနိုင်ရေး စစ်ကောင်စီက ပိတ်ဆို့တားဆီးရာတွင် တရုတ် Geedge Networks နှင့် တရုတ်အစိုးရပိုင် CEIEC ကုမ္ပဏီတို့ ပါဝင်ပတ်သက်ကူညီနေ

ရန်ကုန်၊ ဇွန် ၁၉

မြန်မာပြည်သူများ Facebook နှင့် VPN အသုံးမပြုနိုင်ရေး စစ်ကောင်စီက ပိတ်ဆို့တားဆီးရာတွင် တရုတ် Geedge Networks နှင့် တရုတ်အစိုးရပိုင် China National Electronics Import and Export Corporation တို့ ပါဝင်ကူညီ ပတ်သက်နေကြောင်း Justice for Myanmar(JFM) က စုံစမ်းဖော်ထုတ် သတင်းထုတ်ပြန် လိုက်သည်။

တရားမဝင်မြန်မာစစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တစ်ရပ် တည်ဆောက်ရေး အရှိန်မြှင့်တင် ဆောင်ရွက်နေသည့်အလျောက် မြန်မာအင်တာနက်အသုံးပြုသူများအပေါ် စုံစမ်းထောက် လှမ်းရေးနှင့် အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး ၎င်း၏ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာများ၊ နည်းပညာများနှင့် ပံ့ပိုးကူညီမှုများကို ရရှိအသုံးပြုနေကြောင်း ၊ လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများနှင့် ကော်ပိုရိတ်မှတ်တမ်းများ အပါအဝင် သတင်း ရင်းမြစ်များအပေါ် အခြေခံ၍ Justice For Myanmar ၏ စုံစမ်းသုတေသနပြုမှုအရ စစ်အုပ်စု၏ ဒစ် ဂျစ်တယ်ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှု အစီအစဉ်တွင် တရုတ်ကုမ္ပဏီနှစ်ခု၏ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ VPN ပိတ်ဆို့စီမံချက်တွင် ပါဝင်ပတ်သက်နေသော တရုတ်ကုမ္ပဏီနှစ်ခုမှာ Geedge Networks နှင့် China National Electronics Import and Export Corporation (CEIEC) တို့ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် VPN ကို ပိတ်ဆို့တားဆီးရာတွင် တရုတ်ကုမ္ပဏီ Geedge Networks ထံမှ ထုတ်ကုန်ပစ္စည်းနှစ်ခုကို အသုံးပြုကြောင်း၊ စုံစမ်းထောက်လှမ်းမှုနှင့် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုစနစ်တွင် အသုံးပြုသည့် ယင်းပစ္စည်းများကို Jizhi (Hainan) Information Technology Company Limited အနေဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် မေလ လကုန်ပိုင်း၌ စတင်အသက်သွင်း လုပ်ဆောင်စေခဲ့ကြောင်း သိရှိရသည်။

Geedge Networks တည်ထောင်သူနှင့် သိပ္ပံပညာရှင်အကြီးအကဲသည် Fang Binxing ဖြစ်ပြီး၊ ၎င်းကို တရုတ်နိုင်ငံ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးယန္တရားကြီး Great Firewall ၏ “ဖခင်” ဟုလည်း ဆိုကြသည်။

ထုတ်ကုန်တစ်ခုဖြစ်သည့် Taingou Secure Gateway (TSG) သည် အသေးစိတ်မွှေနှောက်ရှာဖွေရေး (deep pack inspection) ကိုအသုံးပြုပြီး၊ secure sockets layer (SSL) နှင့် transport layer security (TLS) ကုဒ်ဝှက်လုပ်ထုံးလုပ်နည်းများဖြင့် ဆာဗာနှင့် သုံးစွဲသူအကြား ကုဒ်ဝှက်ထားသည့် အင်တာနက် အသွားအလားများအပေါ် စီစစ်စစ်ဆေးနိုင်ခြင်း၊ ကုဒ်ဖြေခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟု သိရှိရသည်။

TSG သည် virtual private networks (VPN) များအပါအဝင် အက်ပလီကေးရှင်းများကို ၎င်းတို့၏ အပြုအမူများနှင့် လက္ခဏာများပေါ် မူတည်၍ ပိတ်ပင်နိုင်သည့် Firewall တစ်ခုအဖြစ်လည်း လုပ်ဆောင်နိုင်ကြောင်း၊ Geedge Networks မှ နောက်ထပ်ထုတ်ကုန်တစ်ခုဖြစ်သည့် Cyber Narrator သည် VPN အသုံးပြုမှု အပါအဝင် အင်တာနက်အသွားအလာများကို စောင့်ကြည့်ရန်၊ ခွဲခြမ်းသုံးသပ်ရန်နှင့် “အန္တရယ်ရှိနိုင်သည်ဟု ယူဆသော ခြိမ်းခြောက်မှုများ” အပေါ် တုန့်ပြန်ရန် ဒီဇိုင်းရေးဆွဲထားသည့် အင်တာနက်ထောက်လှမ်းရေးကွန်ရက် ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် China National Electronics Import and Export Corporation (CEIEC) သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရန် အဆိုပြုမှုတွင် ပါဝင်ပတ်သက်နေသည့် Fang Binxing နှင့် ဆက်နွှယ်မှုရှိနေကြောင်း၊ အဆိုပါကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ခရိုနီကုမ္ပဏီ Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

VPN ပိတ်ဆို့ရေးတွင် ပါဝင်သော Mascots Group of Companies ကုမ္ပဏီအုပ်စုကို ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်ပြီး၊ ၎င်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများရှိ အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်သည့် ကွန်ရက်တွင် ပါဝင်ပတ်သက်နေသူများ ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများ၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ် စားလှယ်က အစီရင်ခံစာတွင် ဖော်ထုတ်စာရင်းသွင်းထားပြီး ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် Geedge Networks၊ CEIEC နှင့် Mascots Group၊ ယင်းကုမ္ပဏီများ၏ ဒါရိုက်တာ များနှင့် ဆက်စပ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုများ အရေးတကြီး ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာ၊ နည်းပညာအကူအညီနှင့် လေယာဉ်ဆီ ထောက်ပံ့ပေးအပ်နေသည့် ၎င်းတို့ အချုပ်အခြာနယ်မြေ အတွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို မဖြစ်မနေ ပိတ်ဆို့အရေးယူရမည်ဖြစ်ကြောင်း JFM က ဆိုသည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာ ခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး နည်းပညာ တွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ Geedge Networks ရဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုစနစ်က မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထပ်မံချိုးဖောက်မှာဖြစ်သလို၊ ဒါဟာ စစ်အုပ်စုရဲ့ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေအပေါ် ဖိနှိပ်ရေးစစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်လာမှာပါ။ အစိုးရများအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့် အရေးယူဆောင်ရွက်မှုတွေကို အဆောတလျင် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article