24.8 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ များပြား၊ စစ်တပ်က ပြည်သာအေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ များပြား၊ စစ်တပ်က ပြည်သာအေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ များပြားကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်း တာဝန်ခံ ကိုစိုးလေး က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မတ္တရာမြို့ ရေနံ့သာ လမ်းခွဲဘက်မှ ကား ၆ စီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ၁ ကြောင်း ၊ အင်ကြင်းမြိုင်ဘက်မှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်း ၁ ကြောင်းက မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၄၀ မမ LaLa ဗုံးပစ်လောင်ချာ ၊ RPG-7 ၊ 60-မမ စိန်ပြောင်း ၊ ၈၁ မမ-စိန်ပြောင်း ၊ငါးကြင်းမှီး စက်သေနတ်များဖြင့် ပစ်ခတ် ဝင်ရောက်လာသောကြောင့် ထိတွေ့တိုက်ပွဲသည် နံနက် ၅ နာရီ မှ ၈ နာရီကျော်ထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အား ကား ၈ စီး ထပ်မံ ရောက်ရှိလာပြီး တော်လှန်ရေး ရဲဘော်များ လက်နက် ခဲယမ်းအားနည်းမှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆက်တိုက် ထိုးစစ်ဆင် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်ရွာသစ်အနီး မီတာ ၁၀၀ ဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သာအေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွား ပြည်သူ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကိုးပြွန်ရွာမှလည်း လက်နက်ကြီး ၁၅ ချက်ထက် မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ တပ်ကြပ် ၁ ကောင် သေတယ်။ ၅ ကောင် ဒဏ်ရာအပြင်းအထန်ရတယ်။ စစ်ခွေး စစ်ကြောင်းမှာ အသက်အရွယ်ကြီးရင့်တဲ့ သူတွေလည်းပါတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို အိမ်စီးကားအနက်နဲ့ မိန်းကလေးအုပ်စုက ဆေးကု ပတ်တီးစီးပေးပြီး ရှေ့တန်းဘက်ကို အတင်းအဓမ္မ ပြန်လည်တိုက်ခိုက်ခိုင်းတယ်လို့ မျက်မြင်တွေက ပြောတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်နေစဥ်အတွင်းမှာ စစ်ခွေး စစ်ကြောင်းတွေက မတ္တရာ-ဆည်တော်ကားလမ်းပိုင်းက လာသမျှ ဆိုင်ကယ်တွေကို ဖမ်းပြီးတော့ အမျိုးသမီးတွေကော အမျိုးသားတွေကော ဒူးထောက်ခိုင်းထားပြီး တနေကုန် ဖမ်းဆီးထားတယ်လို့ သိရတယ်။ အမဲသားသည် မိန်းမတွေက စစ်ခွေးဗိုလ်တွေကို ဖားယား ဆက်ဆံလို့ စစ်ခွေးတွေက အနီးအနားမှာရှိတဲ့ ပြည်သူ ၁ ဦး ရဲ့ နွား ၄ ကောင်ကို အမဲသားတွေကို ပေးလိုက်တယ်လို့ သိရတယ်” ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်း တာဝန်ခံ ကိုစိုးလေး က ပြောဆိုသည်။

လက်ရှိချိန်တွင် မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ ပကဖ တပ်ဖွဲ့သည် လက်နတ်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန်အတွက် လိုအပ်နေသောကြောင့် ပြည်သူများ အနေဖြင့် ပါဝင် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်း တာဝန်ခံ ကိုစိုးလေး က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article