ရန်ကုန် | ဇွန် ၂၀
အမေရိကန်အစိုးရ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့ တော်လှန်ရေးအင်အားစုတွေကို ချက်ချင်းတိုက်ရိုက်ကူညီထောက်ပံ့ပေးဖို့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တောင်းလိုက်ပါတယ်။
အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေလျင်မြန်စွာ ရုတ်ခြည်းပြောင်းလဲဖြစ်ပေါ်နေမှုတွေအပေါ် တုံ့ပြန်ဖို့ လိုအပ်ပြီး ခုခံတော်လှန်ရေးအင်အားစုတွေကို ပစ္စည်းပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာထောက်ပံ့မှုတွေ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ SAC-Mက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ မြင့်မားလာနေမှုကနေ ပြည်သူတွေကို အကာ အကွယ်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်အုပ်စုရဲ့ ပြည်သူများအပေါ် စဥ်ဆက်မပြတ် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံမှာ အရင်က မဖြစ်ခဲ့၊ မကြုံခဲ့ဖူးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဘေးအန္တရာယ်ပျက်ကိန်း ကြီးမားစွာ ဖြစ်ပေါ်လာခဲ့ပြီး အဆိုပါအကျပ်အတည်းက ဒေသတစ်၀ှမ်းလုံးရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ကို ကြီးလေးပြင်းထန်စွာ ထိခိုက်စေခဲ့တယ်လို့ SAC- Mက ဆိုပါတယ်။
နိုင်ငံတကာက သက်ဆိုင်သူတွေအနေနဲ့ မြေပြင် အခြေအနေအသစ်တွေကို တုန့်ပြန်ဖို့ အတွက် လက်ရှိကျင့်သုံးနေတဲ့ “စောင့်ကြည့်မှုသက်သက်” ချဥ်းကပ်မှုထက် ကျော်လွန်ပြီး မြန်မာနိုင်ငံအတွင်းက အရပ်သားတွေရဲ့ ဒုက္ခတွေ လျော့ပါးစေဖို့ ၊ လူ့အခွင့်အရေး ကာကွယ်ဖို့အတွက် တိကျပြတ်သားတဲ့ လုပ်ဆောင်မှုတွေကို ကျင့်သုံးဖို့လိုတယ်လို့လည်း ဆိုပါတယ်။
SAC-M အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်အသစ်တစ်ရပ် ထုတ်ပြန်ချမှတ်ဖို့ တိုက်တွန်းသလို အထွေထွေညီလာခံအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရမယ်လို့ ထောက်ပြပါတယ်။
US Federal Reserve ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဒါမှမဟုတ် အနည်းဆုံး ထိန်းချုပ်ထားချိန်ကစလို့ ထွက်ပေါ်လာတဲ့ များပြားလှတဲ့အတိုးငွေတွေကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေ့ဖြစ်တဲ့ NUG, EROs နဲ့ကျယ်အရပ်ဘက်လူ့အဖွဲ့အစည်းတွေထံ ပြန်လည်ပေးအပ်ဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က Yanghee Leeနဲ့ Chris Sidoti တို့အပါအဝင် အဖွဲ့ဝင်တွေ အခုလအတွင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့တွေကို သွားရောက်ပြီး အမေရိကန်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ယခုလဆန်းပိုင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ကြသည့် SAC-M အဖွဲ့ဝင်တချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
