26 C
Yangon

သံတွဲ၊ အမ်းနှင့် မောင်တော်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ များအပါအဝင် ပြည်သူ ၈ ဦးသေဆုံး

Must read

သံတွဲ၊ အမ်းနှင့် မောင်တော်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ များအပါအဝင် ပြည်သူ ၈ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၂

ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇွန်လ ၂၀ ရက်နေ့ ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက ” ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်ရင် ဒီဘက်ကိုရွှေ့တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ဟိုဘက်ကိုရွှေ့တယ်။ ပြည်သူတွေက ဒီလိုစစ်ရှောင်နေကြတာ။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်၊ လေယာဉ်နဲ့ လာပြီးဗုံးကြဲတိုက်ခိုက် လုပ်နေတာ။ ” ဟု ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က သံတွဲမြို့ထဲ စစ်ကောင်စီတပ်ရင်း၊ အမြောက်ကုန်းများက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက အပြစ်မဲ့အရပ်သား စစ်ရှောင် ၃ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သေဆုံးသူများမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ အသက် ၇၀ အရွယ် ဒေါ်မငယ်တို့ ဖြစ်သည်။

ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရသည်။

အလားတူ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ဇွန် ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်မှုကြောင့် အသက် ၄နှစ်ကလေးတစ်ဦးနှင့် အသက် ၁၇နှစ်တစ်ဦး အသက် ၂၅ နှစ် ၁ ဦး စုစုပေါင်း ၃ဦးသေဆုံးခဲ့သည်။

သဲကမ်းထောင်းရွာသားတစ်ဦးက “၁၁ နာရီလောက် လေကြောင်းကနေ့ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ သေဆုံးပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ဒဏ်ရာ ရပါတယ်”ဟုပြောသည်။

သေဆုံးသူများမှာ သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့မှာ အသက် ၄နှစ်အရွယ်ရှိ မောင်နေမိုးထက်၊ အသက် ၁၇ နှစ်ရွယ်ရှိ မမေဇင်အေးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသန်းဝင်းနိုင်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။

အဆိုပါကျေးရွာမှ အသက် ၄၆ နှစ်ရွယ်ရှိ ဦးမောင်ပုနှင့် အသက် ၆၉ နှစ်အရွယ်တို့မှာ ဗုံးစ စင်လာ၍ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး ယင်း သဲကမ်းထောင်းရွာ က နေအိမ် ၄လုံးထက်မနည်းမှာလည်း ပျက်စီးသွားကြောင်း ကျေးရွာသားများက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက် နံနက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ ပတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ထို့ပြင် ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် မောင်တောမြို့နယ်တွင် စစ်ကောင် စီက လက်နက်ကြီးပစ်ခတ်၍ ရိုဟင်ဂျာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာသို ကျရောက်ပေါက်ကွဲပြီး အသက် ၃၅ နှစ်အရွယ် မာမတ်အီလီယာစ် နှင့် အသက် ရော်ဟိမူလာတို့ သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article