27 C
Yangon

မိုးကုတ်မြို့နယ် အနောက်ပိုင်းတစ်ခြမ်းလုံးကို TNLA က သိမ်းပိုက်ပြီးနောက် အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ညစဉ် ပစ်ခတ်နေ

Must read

မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ပြည်သူများပိတ်မိနေသည့်အတွက် စစ်ဘေးရှောင်ရေး လမ်းဖွင့်ပေးရန် တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အနောက်ပိုင်းတစ်ခြမ်းလုံးကို TNLA က တိုက် ခိုက်သိမ်းပိုက်ပြီးနောက် မိုးကုတ် မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်များက ညစဉ် လက်နက်ကြီးများဖြင့် နေရာပေါင်းစုံသို့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ မှစတင်ပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက မိုးကုတ်မြို့နယ် အနောက်ပိုင်းတွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတိုအား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မိုးကုတ်ကျပ်ပြင်ရဲစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင်ပင် မိုးကုတ်မြို့ အရှေ့ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ရေးအနေအထားအရ မိုးကုတ်မြို့ အနောက်ပိုင်းတစ်ခြမ်းလုံးကို ဇွန်လ ၃၀ ရက်နေ့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်များက ဆက်လက် တပ်စွဲထားဆဲဖြစ်ပြီး ယမန်နေ့ညပိုင်း မိုးကုတ်မြို့နယ်အရှေ့ပိုင်း ဗျုဟာကုန်းမှ ဟောင်ဝစ်ဇာ အမြောက်များဖြင့် တစ်ညလုံးပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။

“မိုးကုတ် အရှေ့ပိုင်းမှာဆိုရင် စစ်တန်းဗျူဟာကုန်း၊ အပေါ်ရဲစခန်း ၊ အချုပ်ထောင်၊ တောင်ပေါ် စေတီကင်းစခန်း၊ မြို့ပတ်လည် ကင်းစခန်းတွေရှိနေတုန်းပဲ။ ဥပမာ- လယ်ဦး၊ အေးစေတီ၊ ကျောက်သင်္ဘောတောင်၊ ပတ္တမြားစေတီတောင်၊ ချမ်းမြေ့သာယတောင်၊ ကချင်ပန်းမ၊ ဗမွန်ရွာ ကင်းစခန်းနဲ့ အခြားကင်းစခန်းတွေ အများကြီးရှိနေသေးတယ်။ အခုက အရှေ့ပိုင်းက စစ်တပ်က ညဆိုရင် အမြောက်တွေ လက်နက်ကြီးတွေနဲ့ပတ်ပတ်လည်ကို ပစ်ခတ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်း နှစ်ဖက်စလုံးသို့ စစ်ကောင်စီက လေကြောင်းဖြင့် စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်း၊ ဗုံးကျဲခြင်းများကိုလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“အရှေ့ပိုင်းနဲ့ အနောက်ပိုင်း တစ်မြို့တည်းကို နိုင်ငံနှစ်ခုလိုဖြစ်နေပြီ။ အနောက်ပိုင်းကိုတော့ စစ်ခွေးတွေက ဖုန်းလိုင်းရော၊ အင်တာနက် အကုန်ဖြတ်တောက်ထားတယ်။ အရှေ့ပိုင်းမှာတော့ Mytel ဖုန်းကတ်လောက်တော့ မိနေသေးတယ်” ဟု မိုးကုတ်မြို့မှ ဒေသပြည်သူက ပြောဆိုသည်။

TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဆက်လက် ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများရှိနေရာ လတ်တလော အရှေ့ပိုင်းနှင့် အနောက်ပိုင်း နှစ်ခုစလုံးမှ ပြည်သူများမှာ ပိတ်မိနေဆဲဖြစ်ကြောင်း၊ စစ်ဘေးရှောင်ရန် လမ်းဖွင့်စေလိုကြောင်း ပြည်သူများက တောင်းဆိုကြသည်။

ဓာတ်ပုံ – မိုးကုတ်မြို့ အနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အလံ လွှင့်ထူနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိုးကုတ်မြို့ အနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အလံ လွှင့်ထူနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article