ချောင်းဦးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော ပျူစာထီးများနှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများ ထိခိုက်မှုရှိ
ရန်ကုန်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစာထီးများနှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများ ထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ချင်းတွင်မြစ်ရေ တိုး၍ ရိုးချောင်းများထဲ ရေဝင်သည်ကို အခွင့်ကောင်းယူ၍ စစ်ကြောင်းထိုးလာသော ပျူစောထီးများနှင့် မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၅ မှ တော်လှန်ရေး ရဲဘော်များ ကံဇီးရွာနှင့် ကင်မွန်းတော်ရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြားပြီး ၎င်းတို့ တပ်စွဲထားသော ဘန်ကာများအထိ ထိခိုက်ဒဏ်ရာရရှိသူများကို ဆွဲခေါ်သွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး ကျည်ထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်တော့ အတည်မပြုနိုင်သေးဘူး။ သူတို့ဘက်က ထိခိုက်မှု တော်တော်များလည်း ဒဏ်ရာရတဲ့ ကောင်တွေ အကုန်လုံးကို ဆွဲခေါ်ပြီး ပျူတွေ အကုန်ပြန်ပြေးသွားတယ်” ဟု ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်