28 C
Yangon

ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူ အဆမတန်များပြားလာ၍ တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး သိန်း ၂၀ သာ ထုတ်ပေးတော့

Must read

ATM ငွေထုတ်စက်များအားလုံးတွင်လည်း ငွေသားထုတ်ယူမှုများ ကန့်သတ်ထား

ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူများသာ စုပြုံတိုးဝှေ့နေ၍ တစ်ပတ်လျှင် ဘဏ်အကောင့်တစ်ခုအတါက် ငွေကျပ် ၁၀ သိန်းမှ အများဆုံး သိန်း ၂၀ သာ ထုတ်ပေးတော့ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းနှင့် ငွေထုတ်သူများထံမှ သိရှိရသည်။

ဇူလိုင်လ ၁ ရက်​နေ့ ပုဂ္ဂလိကဘဏ် ၇ ခုနှင့်ဘဏ်ပိုင်ရှင်များကို စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ်သတ်မှတ်ထားသည်ထက် ပို၍ ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ကြေညာပြီးနောက် ဇူလိုင် ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်အများစုတွင် ငွေထုတ်သူများ စုပြုံတိုးကြိတ်နေခဲ့ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ သိန်း ၅၀ သာ ငွေထုတ်ပေးကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင်မူ Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ ငွေကျပ် သိန်း ၃၀ ၊ ဇူလိုင်လ ၄ ရက်နှင့် ဇူလိုင်လ ၅ ရက်နေ့တွင်မူ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာ ငွေထုတ်ပေးကြောင်း၊ ယင်းနောက် ဇူလိုင်လ ၈ ရက်နေ့မှစတင်ပြီး တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး ငွေကျပ် သိန်း ၂၀ သာ ထုတ်ပေးတော့ကြောင်း သိရှိရသည်။

“ငွေထုတ်တာတွေ အရမ်းများလို့ ဘဏ်မှာ ငွေမရှိတော့ဘူးဆိုပြီး တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်နေ့)က စပြီး တစ်ပတ်မှာ ငွေကျပ် သိန်း ၂၀ ပဲပေးတော့တယ်။ ဧရာ၀တီဘဏ်တိုင်းမှာပါ။ KBZ လည်းအတူတူပဲ။ အခြားဘဏ်တွေလည်း တစ်ပတ်ကို သိန်း ၃၀ ၊ ၅၀ အဲဒီလိုတွေ ကန့်သတ်ကုန်ပြီ။ ATM စက်တွေမှာလည်း သူ့ဘဏ်၊ သူ့ကတ်ပဲ ထုတ်လို့ရတော့တယ်။ ဥပမာ- ရိုးမ ATM ငွေထုတ်စက်မှာ ဧရာ၀တီ ATM ဘဏ်ကတ် ထုတ်မရတော့ဘူး။ အခြေအနေက တစ်နေ့ တစ်ခြားဆိုးလာနေတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

လတ်တလော ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေအပ်နှံသူ လုံး၀ မရှိသလောက်ဖြစ်နေပြီး ငွေထုတ်ယူကြသူများသာ များပြားနေသည့်အတွက် ဘဏ်များ အခက်တွေ့နေရကြောင်း ဘဏ်အသိုင်းအ၀ိုင်းက ဆိုသည်။

ထို့ပြင် ပုဂ္ဂလိကဘဏ်များတွင် မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများကိုလည်း ကန့်သတ်နေပြီး မဖြစ်မနေ လွှဲမည်ဆိုပါကလည်း ငွေကျပ် ၃ သိန်းသာ အများဆုံး အလွှဲခံကြောင်း၊ မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများအားလုံးကို အထူးကန့်သတ်နေ ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ နေပြည်တော်တွင် ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို ခေါ်ယူပြီး စစ်ကောင်စီ၏ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ တို့က တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ဖိတ်ကြားစာကို လျှို့ဝှက် ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များ၏ ATM များတွင် ပြည်သူများ ကြိတ်ကြိတ်တိုး၍ ငွေထုတ်ခဲ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များ၏ ATM များတွင် ပြည်သူများ ကြိတ်ကြိတ်တိုး၍ ငွေထုတ်ခဲ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article