ရန်ကုန်၊ ဇူလိုင် ၁၀
ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် စိတ်ရောဂါ ခံစားနေရသည့် ပြည်သူ ၁ ဦးကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး ပျူစောထီး ခေါင်းဆောင် လှခိုင်နှင့် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်းလှမြို့ မြောက်ဘက်မြို့သစ် ၅ လမ်း ရထားလမ်းထိပ် ကင်းတဲတွင် အရက်မူးပြီး အိပ်ပျော်နေသော သံထည်ပစ္စည်းအဟောင်းအဝယ်ဒိုင်တွင် အလုပ်လုပ်နေသူ စိတ်ရောဂါ ခံစားနေရသည့် ကိုပြားကြီးဆိုသူကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး ပျူစောထီး ခေါင်းဆောင် လှခိုင်နှင့် စစ်သား၊ ရဲများ ပါဝင်သော ပတ်ကင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျူစောထီး ခေါင်းဆောင် လှခိုင်နှင့် စစ်သား၊ ရဲများက ကိုပြားကြီးကို ဖမ်းဆီး ရိုက်နှက် စစ်ဆေးစဉ် လက်ယာ မျက်လုံး ဖူးရောင်ကျွတ်ထွက်မတတ် သူငယ်အိမ်ပျက်စီးဒဏ်ရာ၊ ကိုယ်တွင်းကြေဒဏ်ရာများရရှိခဲ့ကြောင်း၊ ဇူလိုင် ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြည်သူများထံ အလှူငွေစုပြီး ကိုပြားကြီးကို မင်းလှဆေးရုံသို့ ပို့ဆောင် ကုသစဉ် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ပျူစောထီး ခေါင်းဆောင် လှခိုင်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော ကိုပြားကြီး၏ ရုပ်အလောင်းကို မင်းလှ သုဿန်တွင် ပရဟိတ အဖွဲ့တစ်ခုက မီးသဂြိုလ်ပေးခဲ့ကြောင်း ကိုပြားကြီးသည် မိဘဆွေမျိုးမရှိဘဲ တစ်ကိုယ်တည်းသမား ဖြစ်ကြောင်း သိရသည်။
“ကိုပြားကြီးက စိတ်ကသိပ်မနှံ့ဘူး။ အရက်သောက်တယ်။ သူကမြို့ထဲမှာ ကြုံတဲ့နေရာအိပ်တာ လှခိုင်က စစ်ခွေးတွေနဲ့ မြို့ထဲကင်းပတ်တယ်။ လောင်းကစားဝိုင်းတွေကိုလည်း စစ်တပ်ကို ဆက်ကြေးပေးပြီးလုပ်နေတာ သူ့ကို စစ်ခွေးတွေ ပေးထားတဲ့သေနတ်လည်းရှိတော့ မထင်ရင် မထင်သလိုပစ်နေတာ ကိုပြားကြီးကို စစ်ခွေးတွေ နှိပ်စက်တော့ အော်ဟစ်ပြီး မရိုက်ပါနဲ့ဆိုပြီးတောင်းပန်တယ်တဲ့ မင်းက PDF မဟုတ်လား။ ဘာလုပ်ဖို့ ဒီမှာနေတာလဲ ။ ဘယ်သူကလွှတ်လိုက်တာလဲဆိုပြီး ရိုက်နှက်မေးနေတာကြားရတယ်။ ကိုပြားကြီးက ဇေယျဝတီရပ်ကွက်က ဘာဘူကြီးဆီမှာလည်း နွားကျောင်းတဲ့ အလုပ်လုပ်တယ် ညအိပ်ရင် အဲ့အိမ်မှာအိပ်တယ်။ ဖမ်းဆီးခံရတဲ့ ညက ရထားလမ်းမှာသွားအိပ်ရင်း ဖမ်းခံရတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
Photo – ကိုပြားကြီးကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ပျူစောထီး ခေါင်းဆောင် လှခိုင်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
