■ အခေါက်ရွှေစျေးမှာ ၅၉ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ယနေ့ သိန်း ၆၀ အထိ စံချိန်ချိုး မြင့်တက်မည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၂
ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက အရေးယူမှု၏ နောက်ဆက်တွဲ ဘဏ်များတွင် ငွေသားထုတ်ယူမှု အကန့်အသတ်များ ဖြစ်ပေါ်လာချိန် မြန်မာကျပ်ငွေတန်ဖိုးမှာ တဟုန်ထိုး ကျဆင်းလျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၄၉၆၀ ကျပ်သို့ ရောက်ရှိလာကြောင်း၊ သို့ရာတွင် အမှန်တကယ် ဝယ်ယူချိန်တွင် အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကျော်ပေးနေရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၀ ရက်နေ့ ပုဂ္ဂလိကဘဏ်ပိုင်ရှင်များကို နေပြည်တော်သို့ ခေါ်ယူပြီး ပုဂ္ဂလိက ဘဏ်များ၏ လတ်တလော စည်းကမ်းဖောက်ဖျက်မှုများသည် စစ်ကောင်စီ၏စီးပွားရေး မူဝါဒများကို ထိပါးလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်နေသည်ဟု ထုတ် ဖော်ပြောဆိုလာကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့်ဒါရိုက်တာများကို ဆက် လက် ဖမ်းဆီးထားခြင်း၊ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေများထုတ်မရဘဲ အကန့်အသတ်ဖြင့်သာ ဆက်လက် ထုတ်ပေးနေခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုလုံးတွင် ဂယက်ရိုက်မှုများ ပြင်းထန်နေကြောင်း၊ အဆိုပါဂယက်များကြောင့် ဒေါ်လာတန်ဖိုး တဟုန်ထိုးတက်ကာ မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက် ထိုးဆင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့ညပိုင်းအထိကို ဒေါ်လာနဲ့ထိုင်းဘတ် အဝယ် အရမ်းကိုတက်တာ။ ဒေါ်လာအရွက်က တကယ် လက်တွေ့ဝယ်ရင် တစ်ဒေါ်လာ ၅၀၀၀ စျေးရောက်သွားတယ်။ ဝယ်/ရောင်းက ကောက်တာက ၄၉၀၀ နဲ့ ကောက်နေတာ။ အဝယ်တွေချည်းပါပဲ။ ဒီတစ်ခေါက် ပုဂ္ဂလိကဘဏ်တွေရဲ့ ဂယက်က ရိုက်ခတ်မှု အရမ်းပြင်းတယ်။ စျေးကွက်ပေါက်စျေးက တစ်ဒေါ်လာကို ၄၉၆၀ ကျပ် လောက်ရောက်နေပြီ။ ဒီနေ့ တစ်ဒေါ်လာကို ၅၀၀၀ ကျော်စျေး ရောက်ရှိဖို့များပါတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောဆိုသည်။
မြန်မာကျပ်ငွေတန်ဖိုးသည် တန်ဖိုးမှာ ဆက်လက် ထိုးကျနေရာတွင် ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၃၇ အထိ စံချိန်တင်စျေးပေါက်နေကြောင်း သိရှိရသည်။
လတ်တလော ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ ယမန်နေ့ ညနေပိုင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၉ သောင်းနှင့် ၅၉ သိန်းအကြား စျေးပိတ်ခဲ့ကြောင်း၊ အရောင်းအဝယ်အပိုင်းတွင်လည်း အဝယ်အလွန်များပြား နေကြောင်း၊ ယခုအခါ ကမ္ဘာ့ရွှေစျေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၂၆ အထိ ထိုးတက်ခဲ့သဖြင့် ဇူလိုင်လ ၁၂ ရက်နေ့ ရွှေစျေးနှုန်းမှာ စံချိန်တင် အခေါက်ရွှေတစ်ကျပ်သား သိန်း ၆၀ ကျော်သို့ ရောက် ရှိမည်ဖြစ်ကြောင်း ရွှေကုန်သည်များက ဆိုကြသည်။
“ကမ္ဘာ့ရွှေစျေးက ဒေါ်လာ ၂၄၂၀ ကျော်ကို ထိုးတက်တယ်။ ပြည်တွင်းမှာ ဒေါ်လာတန်ဖိုးကလည်းတက်၊ ကမ္ဘာ့ရွှေစျေးကလည်း တက်နေတော့ ဒီနေ့ မီးလင်းရွှေက တစ်ကျပ်သားကို သိန်း ၆၀ ကျော်ဖို့ရှိတယ်။ အရောင်းအဝယ်အပိုင်းကတော့ အဝယ်များတယ်။ အရောင်းမရှိဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေသားထုတ်မပေးနိုင်တော့ဘဲ ဘဏ်စာရင်းတစ်ခုလျှင် ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးနိုင်တော့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စံချိန်တင် တဟုန်ထိုး တန်ဖိုး ထိုးကျနေသော မြန်မာကျပ်ငွေများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar