စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ MOGE လုပ်ငန်းတို့ကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့ရန် အရပ်ဘက်အဖွဲ့ ၂၄၀ ခု တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၁၅
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE တို့ကို နိုင်ငံတကာက အရေးယူပိတ်ဆို့ရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ ၂၄၀ ခုက ယနေ့ တောင်းဆိုလိုက်ကြသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းရန် ကြိုးစားချိန်မှစ၍ အရပ်သား ပြည်သူ ၅၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပဋိပက္ခများနှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ စစ်ကောင်စီက ခေါင်းဖြတ် ခြင်း၊ ညနက်သန်းခေါင် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လူအများ အိပ်စက်နေချိန် နေအိမ်များကို မီးတင်ရှို့ခြင်း စသည့် ဆိုးရွားသော စစ်နည်း ဗျူဟာများကို အသုံးပြုနေကြောင်း၊ စစ်အုပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားသော လေကြောင်းတိုက် ခိုက်မှုများကိုလည်း တိုးမြှင့် လုပ်ဆောင်လာကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
အာဏာသိမ်းရန် ကြိုးစားချိန်ကတည်းက စစ်အုပ်စုက နိုင်ငံပိုင် စီးပွားရေးလုပ် ငန်းများ၊ အထူးသဖြင့် နိုင်ငံပိုင်ဘဏ်များ၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေများကို အသုံးပြုပြီး လက်နက်များနှင့် လေယာဉ်ဆီ ဝယ်ယူခြင်း စသည့် နိုင်ငံတကာမှ ဘဏ္ဍာရေးစနစ်များကို အသုံးပြုခွင့် ရရှိနေကြောင်း၊ ထိုသို့ ရရှိနေခြင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ငွေကြေးအရ ထောက်ပံ့နေခြင်းပင်ဖြစ်ကြောင်း သိရှိရသည်။
ဥရောပသမဂ္ဂက စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပိတ်ဆို့ခြင်းကြောင့် အမေရိကန်ဒေါ်လာ အနည်းဆုံး သန်း ၁၅၀ ဖိုးခန့် ဖြတ်တောက်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှုကိုကား မရပ်တန့်နိုင်ခဲ့ကြောင်း၊ အမေရိကန်သည်လည်း MOGE နှင့် PTT Group ကို တစိတပိုင်း ပိတ်ဆို့အရေးယူထားသော်လည်း ထိုင်းအစိုရပိုင် PTT Group လောင်စာလုပ် ငန်းစုက မြန်မာစစ်အုပ် ထိန်းချုပ်ထားသော MOGE အကောင့်ထဲသို့လ စဉ် သဘာ၀ ဓာတ် ငွေ့ ဝင်ငွေ သန်းဆယ်ချီ ဆက်လက်ပေးဆောင်နေဆဲဖြစ် ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများထံမှ တောင်းဆိုချက်ကို နောက်ပိုင်းတွင် သတိပြုလာကြောင်း၊ အဆိုပါဘဏ်များကို အရေးယူပိတ်ဆို့မှုများသည် ရှေ့ဆက်တိုးနိုင်မည့် ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း စစ်အုပ်စုက မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (MADB) သို့ ပြောင်းလဲအသုံးပြုနိုင်ခြေများ ရှိလာကြောင်း၊ ဥရောပသမဂ္ဂ EU နှင့် ဗြိတိန် UK တို့က အဆိုပါဘဏ်များကို ပိတ်ဆို့အရေးယူရန် ပျက်ကွက်ခဲ့သော်လည်း ကနေဒါနှင့်ဩစတြေးလျတို့က MFTB နှင့် MICB ဘဏ်တို့ကိုသာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်စုက နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများအကြား ယိုပေါက်များကို အသုံးပြုကာ ၎င်းတို့၏လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် လမ်းဖွင့်ထားသော နိုင်ငံများသို့ ပြောင်းရွှေ့ဝယ်ယူနေကြောင်း ကုလအထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ သိရှိရကြောင်း၊ အထူးသဖြင့် စင်ကာပူဘဏ်များအနေဖြင့် မြန်မာစစ်တပ်နှင့် ပတ်သက်မှုကို ဖြတ်တောက်သည်နှင့် ထိုင်းဘဏ်များက ထိုကွက်လပ်ကို အစားထိုးဖြည့်ဆည်းလာခဲ့ ကြောင်း၊ အထူးသဖြင့် Siam Commercial Bank က ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာစစ်တပ်၏ ဝယ်ယူမှုများနှင့်ပတ်သက်သော ငွေလွှဲပြောင်းမှု အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်သာ လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာ့စီးပွားရေးဘဏ်သည် စစ်လက်နက်များ ဝယ်ယူရေးအတွက် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် စစ်အုပ်စုအတွက် အဓိကဆောင်ရွက်ပေးသည့် လမ်းကြောင်း ဖြစ်လာကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းကုမ္ပဏီများက ထိုင်းဘဏ်များကို အသုံးပြုလျက် အမေရိကန်ဒေါ်လာ သန်း ၈၀ တန်ဖိုး ရှိ လေယာဉ်ဆီများကို ရောင်းချပေးခဲ့ကြောင်း၊ စစ်အုပ်စုက ထိုလေယာဉ်ဆီများဖြင့် မြန်မာပြည်သူများကို တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် အသုံးပြုနိုင်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။
ထို့ပြင် ထိုင်းဘဏ်များမှတစ်ဆင့် MOGE ထံသို့ စီးဝင်းနေသော PTT အုပ်စုမှ ဓာတ်ငွေ့ဝင်များသည် စစ်ကောင် စီအတွက် တစ်ခုတည်းသော အကြီးမားဆုံး ဘဏ္ဍာရေးရင်းမြစ်ဖြစ်လာကြောင်း၊ အာဆီယံအနေဖြင့် အလုပ်မဖြစ်သော ဘုံသဘောတူညီချက် ၅ ချက်နှင့် အမည်မခံ မစွက်ဖက်ရေးမူကို ဆက်လက် ဆုပ်ကိုင်ထားစဉ် ထိုင်းနိုင်ငံအနေဖြင့် PTT နှင့် ထိုင်းဘဏ်များကို စစ်အုပ်စုအား ငွေကြေးထောက်ပံ့မှုများကို ခွင့်ပြုထားကြောင်း၊ ထိင်းဘဏ်များနှင့်ကုမ္ပဏီများက စစ်အုပ်စုကို စစ်လက်နက်နှင့် လေယာဉ်ဆီများ ရရှိအောင် လုပ်ဆောင်ပေးနေသည်ကို ထိုင်းအစိုးရအနေဖြင့် ခွင့်ပြုထားကြောင်း၊ နိုင်ငံတကာအနေဖြင့် အရေးယူပိတ်ဆို့မှုများ တိုးမြှင့် လုပ်ဆောင်နေစဉ် ကြီးမားသော လစ်ဟာမှုများ ဆက်လက် ကျန်ရှိနေခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။
ထို့ကြောင်း နိုင်ငံတကာအနေဖြင့် စစ်အုပ်ချုပ်ထိန်းချုပ်ထားသော နိုင်ငံပိုင်ဘဏ်များ၊ ဓာတ်ငွေ့ကဏ္ဍနှင့်လေယာဉ်ဆီတို့ကို ညှိနှိုင်းပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် တောင်းဆိုကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် MOGE တို့ကို ချက်ချင်းအရေးယူရန် ၊ အထူးသဖြင့် MOGE ကို အပြည့်အ၀ အရေးယူ ပိတ်ဆို့ရမည်ဟု အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းအနေဖြင့် MFTB ဘဏ် ၊ MICBဘဏ် ၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဘဏ်၊ တို့ကို အရေးယူပိတ်ဆို့ရန်၊ EU ၏ MOGE ကို အရေးယူပိတ်ဆို့မှု ဦးဆောင်မှုနောက်သို့ လိုက်ပါရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။
PTT အုပ်စုနှင့် ထိုင်းဘဏ်များ၏ မြန်မာစစ်အုပ်ကို ကျောထောက်နောက်ခံပြုပေးထားမှုကို ခွင့်ပြုထားသည့် ထိုင်းအစိုးရမူဝါဒကို အာဆီယံက ကိုင်တွယ်ဖြေရှင်းရန် ၊ ထိုင်းအစိုးရ အနေဖြင့် စစ်အုပ်စုကို အရေးယူပိတ်ဆို့ရန် ၊ ထိုင်းဘဏ်များက စစ်အုပ်စု၏ လက်နက်၊ လေယာဉ်ဆီဝယ်ယူမှုများကို အကူအညီမပေးစေရေး ထိုင်းအစိုးရက အရေးယူဆောင်ရွက်ပေးရန်၊ ထိုင်းဘဏ်များအနေဖြင့် မြန်မာစစ်အုပ်စုကို ထောက်ပံ့ပေးနေသည့် ငွေကြေးလွှဲပြောင်းမှုများအားလုံးကို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
ထိုင်း PTT စွမ်းအင်အုပ်စုအနေဖြင့်လည်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက် ပြုလုပ်နေမှုကို ရပ်တန့်ရန်၊ ဓာတ်ငွေ့ ငွေကြေးများကို စစ်အုပ်စုထံ လွှဲပြောင်းမှုများ ဆက်မလုပ်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။
ဓာတ်ပုံ- စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ကို အကြမ်းဖက် ရဲများက လုံခြုံရေးယူပေးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)