စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ မန္တလေး PDF ထုတ်ပြန်၊ စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်
ရန်ကုန်၊ ဇူလိုင် ၁၅
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွန်ချက်များကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်လျှင် သတ်မှတ်ထားသော စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေး PDF ကပြောဆိုသည်။
လမ်းညွှန်ချက်များတွင် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အရေးပေါ်အခြေအနေတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ ဟူ၍ အပိုင်း ၃ ပိုင်းခွဲ၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေး PDF ၏ တပ်ဖွဲ့ဝင်များအနေနှင့် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များအနေနှင့် ၁၀ ချက်ထုတ်ပြန်ထားပြီး စည်းကမ်းချက်များအဖြစ် –
၁- အရပ်သားပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း မပြုရ
၂ – ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ၊စည်းစိမ်ဥစ္စာများအား အနိုင်အထက်ပြု သိမ်းယူခြင်းမပြုရ။
၃ – စစ်မြေပြင်အတွင်းရှိ ယာဉ်များကို ခွင့်ပြုချက်မရဘဲ သိမ်းဆည်းသုံးစွဲခြင်းမပြုရ။ ပြည်သူပိုင်ယာဉ်များကို အသုံးပြုလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် တန်ရာတန်ကြေးပေးပြီးအသုံးပြုနိုင်သည်။
၄- စစ်ဘေးရှောင်ဒုက္ခသည်များအပါအဝင် ပြည်သူလူထုထံမှ ငွေကောက်ခံခြင်း လုံးဝမပြုရ။
၅- စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ။
၆- ခွင့်ပြုမိန့်မရှိဘဲ ပြည်သူပိုင်နေရာများ၊ဌာနဆိုင်ရာရုံးများ၊ အခြားအဆောက်အအုံများသို့ ဝင်ရောက်ပြီး ပစ္စည်းများကို သိမ်းဆည်းယူငင်ခြင်းမပြုရ။ သိမ်းဆည်းရပစ္စည်းများအားလုံးကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံရမည်။
၇- ပြည်သူများ စစ်ဘေးရှောင်လာပါက တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရမည်။ လိုအပ်သည်များ ကူညီပေးရမည်။
၈- အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လုံခြုံစိတ်ချရသော စစ်ဘေးရှောင်စခန်းများ၊ နေရာများ စီစဉ်ဆောင်ရွက်ပေးရမည်။
၉- နယ်မြေတည်ငြိမ်ရေး၊တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို တိတိကျကျ တင်းတင်းကြပ်ကြပ် လိုက်နာရမည်။
၁၀- ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ဖွဲ့ဝင်များအားလုံး ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက် နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူမည် ဟူ၍ ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များအနေနှင့် –
၁- တပ်ဖွဲ့ဝင်အားလုံးသည် မည်သည့်နေရာ၊ ဒေသတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် လျော်ညီသော ဝတ်စားဆင်ယင်၊ ပြောဆိုနေထိုင်မှု ရှိရမည်။
၂- ပြည်သူလူထုအထင်လွဲမှား ငြိုငြင်စေမည့် အပြောအဆိုနေထိုင်အသွင်အပြင် မဖြစ်စေရန် ပြုမူနေထိုင်ရမည်။
၃- ရပ်ရွာအတွင်း နေထိုင်လျှင် သက်ဆိုင်ရာတပ်မှူး၏ ဒေသန္တရအမိန့်များကို တိတိကျကျ တင်းတင်းကျပ်ကျပ် လိုက်နာရမည်။
၄- ရပ်ရွာအတွင်းနှင့် အများပြည်သူရှေ့မှောက်တွင် မူးယစ်သောက်စားခြင်း၊ ဆူပူရမ်းကားခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခြင်းတို့ကို အထူးအလေးထားရှောင်ကြဉ်ရမည်။
၅- ရပ်ရွာအတွင်း နေထိုင်ရာတွင် တပ်ဖွဲ့မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအပြင် ဒေသခံပြည်သူ များ လက်ခံ ယုံကြည်ကျင့်သုံးနေသော ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာအစဉ်အလာများကို အ ထူးလေးစားလိုက်နာရမည်။
၆- တပ်ဖွဲ့၏ နယ်မြေစိုးမိုးမှုရယူထားသော ဒေသများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ချမှတ် ထားသော အရပ် ဘက်အုပ်ချုပ်ရေးဆိုင်ရာစည်းကမ်းများကိုပါ လေးစားလိုက်နာပြီး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရမည်။
၇- မြို့ရွာ၊ နယ်မြေများကို သိမ်းပိုက်ပြီးသည့်အခါ အရပ်သား/ ပြည်သူတို့ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သက်ဆိုင်ရာ တာဝန်ရှိ သူများ၏ ခွင့်ပြုချက်မရဘဲ ယူငင်သုံးစွဲခြင်း၊ ပျက်စီးစေခြင်း၊ ခိုးဝှက်ယူငင်ခြင်း (လုံးဝ) မပြုလုပ်ရ။
၈- စခန်းသိမ်း၊ မြို့သိမ်း၊ နယ်သိမ်း ပြီးသည့်အခါ သိမ်းဆည်းရမိသမျှ လက်နက်ခဲယမ်း၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ဖုန်း စသော အသုံးအဆောင်ပစ္စည်းများ၊ ယာဉ်၊ ယန္တရားများကို သတ်မှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ သက်ဆိုင်ရာ တပ်ဖွဲ့တာဝန်ရှိ သူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံရမည်။ မိမိကိုယ်တိုင် (သို့) မိမိတပ်ဖွဲ့တွင် ယူ ဆောင်သိမ်းဆည်းအသုံးပြုခြင်း (လုံးဝ) ခွင့်မပြု။
၉- မိမိတပ်ဖွဲ့ အခြေပြုနေထိုင်ရာ ရပ်ရွာအတွင်း လူမှုရေးအရှုပ်အရှင်းနှင့် ငွေရေးကြေးရေး အရှုပ်အရှင်း ဖြစ်စေခြင်းများ (လုံးဝ) ခွင့်မပြု။ တိုင်ကြားခံရပါက (သို့မဟုတ်) စုံစမ်းစစ်ဆေးတွေ့ရှိပါက ထိထိ ရောက်ရောက် အရေးယူမည်။
၁၀- မိမိအခြေပြုနေထိုင်ရာ နယ်မြေအတွင်း တပ်ဖွဲ့ပုံရိပ်နှင့် တပ်ဖွဲ့မှ ပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုကာ မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးမချရ။ တွေ့ရှိက ထိရောက်စွာ အရေးယူမည်။
၁၁- မိမိအခြေချနေထိုင်ရာ ရပ်ရွာဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မိမိ တပ်ဖွဲ့က သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း တိတိကျကျ တင်းတင်းကျပ်ကျပ်လိုက်နာ ဆောင်ရွက်ရမည်။ သတ်မှတ်မူဘောင်ကို ကျော်လွန်၍ ဆောင်ရွက်ခြင်းမျိုးရှိပါက အရေးယူခံရမည်။
၁၂- သတ်မှတ်ခွင့်ပြုထားသူမှအပ တပ်ဖွဲ့ဝင်အားလုံး မီဒီယာတွင် အင်တာဗျူးဖြေဆိုခြင်း၊ သတင်း ပေးပို့ခြင်း မပြုလုပ်ရန်အပါအဝင် တာဝန်သတ်မှတ်ထားသူမှလွဲပြီး မီဒီယာနှင့် ဆက်ဆံရာတွင် တပ်ဖွဲ့ဝင်အားလုံး ဖြေရမည့် စကားမှာ “ပြောခွင့်၊ ဖြေဆိုခွင့် မရှိပါ” ဟူ၍သာ ပြောဆိုရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် အရေးပေါ်အခြေအနေတွင် မန္တလေး PDF တပ်ဖွဲ့ဝင်များအနေနှင့် –
၁- လေကြောင်းတိုက်ခိုက်မှု ခံရစဉ်အတွင်း မိမိတပ်ကို အအုပ်အစည်းမပျက် လှုပ်ရှားဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရမည်။
၂- လေကြောင်းအန္တရာယ်ကာကွယ်ရေး နည်းလမ်းများကို တိတိကျကျလိုက်နာရမည်။
၃- တိုက်ပွဲတွင်းကာလတွင် မိမိတို့ တပ်ဖွဲ့က ချမှတ်ထားသည့် စစ်ရေးအစီအမံအတိုင်း တည်တည်ငြိမ်ငြိမ် တိတိကျကျ ဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရမည်။
၄- စစ်ရေးအခြေအနေကြောင့် လက်ရှိအခြေပြုနေရာကို စွန့်ခွာရပါက သတ်မှတ်ထားသော စစ်ရေးအစီအမံ အတိုင်း စနစ်တကျ လုပ်ဆောင်ရန်၊ ဆက်သွယ်သတင်းပို့ရမည်။
၅- ဓါတုအဆိပ်ဗုံး၊ မီးလောင်ဗုံး အန္တရာယ်တွေ့ကြုံရပါက အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မိမိတပ်ဖွဲ့ ဆေးကုသရေးအဖွဲ့က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရမည်။ ယင်းဖြစ်စဉ်များကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
၆- တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သား/ ပြည်သူများ၊ စစ်သုံ့ပန်းများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကြော်ငြာစာတမ်း၊ ဂျနီဗာကွန်ဗန်းရှင်းပါ အချက်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ချမှတ်ထားသော ကျင့်ဝတ် စည်းကမ်းများ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရမည် ဟူ၍ လမ်းညွှန်ချက်တွင် ပါရှိသည်။