ရန်ကုန်၊ ဇူလိုင် ၁၈
လာအိုနိုင်ငံတွင် ကျင်းပရန် ရှိနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အခမ်းအနားများတွင် မြန်မာစစ်ကောင်စီကို ဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို တက်ခွင့်ပြုရေး အရပ်ဘက် အဖွဲ့ ၂၀၃ ခုက တောင်းဆိုလိုက်ကြသည်။
အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများထံသို့ ထိုသို့ အရပ်ဘက်အဖွဲ့ ၂၀၃ ခုက စာပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယမန်နေ့တွင် တရားဝင် စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများနှင့် စပ်လျဉ်း၍ မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးမှ ဖယ်ထုတ်ရန်၊၊ အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးတွင် မြန်မာပြည်သူလူထု ကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
မြန်မာစစ်ကောင်စီက တရားဥပဒေနှင့် မလျော်ညီစွာ တရားမဝင် သိမ်းပိုက်ရယူထားပြီး၊ ပြည်သူများအပေါ် ဆိုးရွားပြင်းထန်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် စစ်အုပ်စုအဖွဲ့ဝင်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်သည့်အခမ်းအနားအချို့သို့ ဖိတ်ကြား မည်ကို စိုးရိမ်ပူပန်ကြောင်း၊ ယခုကဲ့သို့ စိုးရိမ်ပူပန်ရခြင်းသည် လာအိုနိုင်ငံက အာဆီယံဥက္ကဌတာဝန် ယူစဉ် ယခုနှစ်အစောပိုင်းတွင် လောင်ဖရာဘန်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ Retreat အစည်းအဝေးသို့ စစ်အုပ်စု လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့မှုကြောင့်လည်း ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
စစ်အုပ်စုခေါင်းဆောင်ပိုင်းများအား အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက ချမှတ်ခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ပြန်လည်ဆင်ခြင်မည် ဆိုပါက ယခု ကျင်းပတော့မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများသို့ စစ်အုပ်စုကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားမှုသည် ယင်းရက်သတ္တပတ်အတွင်း၊ ယင်းနေရာတွင်ပင် ယင်းဖိတ်ကြားထားသူများ အကြား ကျင်းပမည့် အဆင့်မြင့်အစည်းအဝေးများသို့ “နောက်ဖေးဝင်ပေါက်” တစ်ခုကို ဖန်တီးပေး လိမ့်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများအား ရပ်တန့်ရန်နှင့် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ် အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ကို စစ်အုပ်စုက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကို တုန့်ပြန်သည့်အနေဖြင့် အာဆီယံသည် အဆိုပါရပ်တည်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။
လက်ရှိတွင် စစ်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရန် ကြိုးပမ်းမှု သို့မဟုတ် တိုးတက်မှု တစ်စုံတစ်ရာကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ အာဆီယံသည် မြန်မာစစ်အုပ်စု၏ “နိုင်ငံရေးအရကိုယ်စားမပြုသူ” ကိုယ်စားလှယ်များကို အစည်းအဝေးများသို့ ဖိတ်ကြားရန် ရည်ရွယ်သည်ဖြစ်သော်လည်း၊ “စစ်အုပ်စု၏ နိုင်ငံရေးအရကိုယ်စားမပြုသူဆိုသည်မှာ မတည်ရှိကြောင်း” ကို မဖြစ်မနေ မှတ်သားထားရန် လိုအပ်ကြောင်း၊ အရပ်ဘက်အဖွဲ့များက ဆိုသည်။
စစ်အုပ်စုသည် မြန်မာပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံအနှံ့တွင် အင်မတန် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကျူးလွန်နေကြောင်း၊ ယနေ့အချိန်အထိ စစ်တပ်သည် လူပေါင်း ၅,၃၀၀ ကျော်အား သတ် ဖြတ်ခဲ့ပြီး၊ ၂၇,၀၀၀ ကျော်အားဖမ်းဆီးခဲ့ကာ ၂၀,၇၀၀ ကျော်အား အကျဉ်းချခဲ့ကြောင်း၊ စစ်တပ်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက် လက်နက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှုများ၊ အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုများနှင့် မီးရှို့မှုများကို ကျူးလွန်ခဲ့ကြောင်း ယင်းရာဇဝတ်မှုများကြောင့် လူပေါင်း ၃ သန်းကျော်သည် ယခုအခါ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်သည့်လုပ်ရပ်များဖြစ် ကြောင်း၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (အိုင်စီစီ)နှင့် အာဂျင်တီးနားရှိ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ရှေ့မှောက်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ် ဖြတ်မှုနှင့် သားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်တပ်ကပင် ကျူးလွန်နေခြင်း ဖြစ်ကြောင်း ထောက်ပြထားသည်။
အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ ကဏ္ဍအား လုံး တွင် မြန်မာပြည်သူများအား ကိုယ်စားပြုရန် သင့်လျော်သည်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့နှင့် ဆက်ဆံရေး မတည်ဆောက်ရသေးပါက လူကြီးမင်းတို့အနေဖြင့် တရား၀င် သံတမန်ဆက်ဆံရေး ထူထောင်ရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။
အာဆီယံအနေဖြင့် လေးနက်သည့် ရှေ့ဆက်လုပ်ချက်များ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများမှ စစ်အုပ်စုအား ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူများကိုယ်စား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသော အစိုးရမှ ကိုယ်စားပြုခွင့်ပေးရန် လိုအပ်ကြောင်း၊ အာဆီယံအနေဖြင့် “စစ်အုပ်စု ဝန်ထမ်းများကို ဖိတ်ကြားခြင်းကို ပြန်လည် မရုတ်သိမ်းပါက အစည်းအ၀ေးမတက်ရောက်ကြရန်” အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar