သိန္နီမြို့နှင့် လားရှိုး မြို့ပြင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၉
ရှမ်းပြည်နယ်၊ သိန္နီမြို့နှင့် လားရှိုး မြို့ပြင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း MNDAA က ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်ခန့်တွင် သိန္နီမြို့ လူနေရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၅ ဦးမှာ ဒဏ်ရာ အခြေအနေ ပြင်းထန်ပြီး ကျန် ၃ ဦးသည် ထိခိုက် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် သိန္နီခရိုင်ကော်မတီနှင့် ဒေသ ကာကွယ်ရေးတပ်များက ကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်စွာ စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရသူများကို မဟာမိတ်တပ်များက နောက်တန်းဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်းတွင် လားရှိုးမြို့ပြင် ၁၃ မိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သိန္နီခရိုင်အတွင်းရှိ ကြယ်ဝှဒေသကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စပါးခင်းများ ၊ သီးနှံများ နှင့် အရပ်သား နေအိမ် ၄ လုံး အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။


