MNDAA က အပစ်ရပ်ကြေညာထားသော်လည်း လားရှိုးတွင် ယနေ့နံနက်ပိုင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးများကျဲနေပြီး တိုက်ပွဲများ ပြင်းထန်နေ
ရန်ကုန်၊ ဇူလိုင် ၂၁
တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ MNDAA က အပစ်ရပ်ကြေညာထားသော် လည်း လားရှိုးမြို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများကျဲနေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်မှစတင်ပြီး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးများကျဲကာ ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း၊ ယနေ့ အထက်မန်အိုင် ၅၀၇ ကုန်း၊ ခလရ ၆၈ နှင့် လားရှိုးမြို့မုခ်ဦး ၄၁ ဘက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။
“ဒီမနက် ၆ နာရီခွဲလောက်မှာ လေယာဉ်တွေနဲ့ ဗုံးတွေ လာကျဲသွားတယ်။ မနက် ၅ နာရီလောက်ကတည်းက အကြီးအသေး အစုံပဲ ပစ်ခတ်နေတာ ။ အထက်မန်အိုင်ဘက်၊ ရပ်ကွက် ၉ ၊ ခလရ ၆၈ နဲ့ ၄၁ တပ်ဘက်တွေမှာ တိုက်ပွဲဖြစ်နေတယ်။ လက် နက်ကြီးတွေလည်း ရပ်ကွက်တွေထဲကျနေတယ်။ အပြင်ကို မထွက်ရဲဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့တွင် တရုတ်၏ တောင်းဆိုမှုအရ MNDAA က ဇူလိုင်လ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် MNDAA က ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်နှင့် စစ်ပွဲများ ရပ်တန့်ရေး တောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်ရန်အတွက် ကိုးကန့်တပ်မတော်(MNDAA) က ဇူလိုင် ၁၉ရက်နေ့မှ ဇူလိုင် ၃၁ရက်နေ့ အထိ ထိုး လက်ရှိရောက်ရှိနေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်၊ မိမိဘက်မှ စစ်ဆင်ခြင်းများ ရပ်တန့်ရန် ၊ လေကြောင်းရန် ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ကြရန် MNDAA အောက်ခြေတပ်များကို ညွှန်ကြားခဲ့သည်။
ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှု ခံရပါက ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်မှုများ သင့်သလို ပြုလုပ်နိုင်ကြောင်း MNDAA ၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- ယမန်နေ့ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေစဉ်။