25 C
Yangon

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁ ဆင်း တပ်သားသစ် နိုင်လင်း ရခိုင်ရှေ့တန်း စစ်မျက်နှာပြင်တွင် သေဆုံး

Must read

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁ ဆင်း တပ်သားသစ် နိုင်လင်း ရခိုင်ရှေ့တန်း စစ်မျက်နှာပြင်တွင် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ် နိုင်လင်းသည် ရခိုင်စစ်မျက်နှာပြင်တွင် သေဆုံးသွားသည်ဟု စစ်တပ်က အကြောင်းလာကြောင်း သေဆုံးသူတပ်သားသစ်၏ မိတ်ဆွေတချို့ထံမှ သိရှိရသည်။

ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်မှ လူငယ်တစ်ဦးဖြစ်သော နိုင်လင်းသည် ဧပြီလတွင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် စစ်ထဲသို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး စစ်သင်တန်း အပတ်စဉ် ၁ တက်ရောက်ခဲ့ရကြောင်း ၊ ယင်းနောက် ဇွန်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ရခိုင်စစ်မြေပြင်သိုပို့ ဆောင်ခံရကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်မူ တပ်သားသစ် နိုင်လင်း ရှေ့တန်းတွင် သေဆုံးသည်ဆိုသော သတင်း မိသားစုထံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

“ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်က စစ်ထဲကို မဲပေါက်လို့ ခေါ်သွားတဲ့ နိုင်လင်းနဲ့ နောက်တစ်ဦးမှာ နိုင်လင်းက ရခိုင် ရှေ့တန်းမှာ ဆုံးသွားပြီ။ နောက်တစ်ဦးကတော့ ခြေထောက်ပြတ်သွားတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှမှ သူ့အကိုဆီက သတင်းရောက်တယ်။ နိုင်လင်းရဲ့ အစ်ကိုကလည်း ကြံ့ဖွတ်ပါတီကပဲ။ နိုင်လင်း အသက်က ၂၇ နှစ်လောက်ပဲရှိသေးတယ်။ သူတို့ကို စစ်ထဲထည့်တာက ဆေးစက်ရပ်ကွက် အုပ်ကြီး ဝေဇင်သောင်းက ထည့်တာ” ဟု သေဆုံးတပ်သားသစ်နိုင်လင်း၏ မိတ်ဆွေက ပြောဆိုသည်။

လတ်တလောတွင် ရန်ကုန်တိုင်း၊ တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များ သံတွဲရှေ့တန်းစစ်မျက်နှာပြင်သို့ အပို့ခံခဲ့ရပြီး တပ်သားသစ် ၁၀၀ ကျော်မှာ မိဘများနှင့် အဆက် အသွယ်ပြတ်တောက်နေကြောင်း တပ်သားသစ်များ၏မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့တွင် တိုက်ကြီး၊ အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းခဲ့ပြီး တပ်သားသစ် ၁၀၀ ကျော်ကို သံတွဲနှင့် ရခိုင် စစ်မျက်နှာပြင်သို့ စစ်ကောင်စီက ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက်ရခိုင်ရှေ့စစ်တန်းစစ်မျက်နှာပြင်ရောက် တပ်သားသစ်များမှာ မိဘဆွေမျိုးများထံသို့ ဆက်သွယ်ခွင့်မရှိဘဲ အတင်းအကျပ် ရှေ့တန်းတွင် တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခဲ့သော တပ်သားသစ်များကို မိမိတို့၏ သက် ဆိုင်ရာ နယ်မြေများတွင်သာ လုံခြုံရေး တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး ရှေ့တန်းတွင် စစ်မတိုက်ခိုင်းပါ ဟု ပြောဆိုထုတ်ပြန်ခဲ့သော်လည်း သင်တန်းဆင်းပြီးချိန်တွင် တပ်သားသစ်များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်ထဲသို့ အတင်းအကျပ် ခေါ်ဆောင်ခံရသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article