25.4 C
Yangon

မြန်မာပြည်သူ ၁၃ ဒသမ ၃ သန်း ခန့် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်ရနိုင်ပြီး ကလေးသူငယ် ၅ သိန်းခန့် ယခုနှစ်အတွင်း အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ

Must read

မြန်မာပြည်သူ ၁၃ ဒသမ ၃ သန်း ခန့် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်ရနိုင်ပြီး ကလေးသူငယ် ၅ သိန်းခန့် ယခုနှစ်အတွင်း အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ

ရန်ကုန်၊ ဇူလိုင် ၂၂

အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူ ၁၃ ဒသမ ၃ သန်း ခန့် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်ရနိုင်ပြီး ကလေးသူငယ် ၅ သိန်းခန့် ယခုနှစ်အတွင်း အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၄ ခုနှစ် အဆင့်မြင့်အရာကြီးများအဆင့် နိုင်ငံရေးရာဖိုရမ်၊ ဝန်ကြီးအဆင့် အထွေထွမူဝါဒရေးရာဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထိုသို့ တင်ပြလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လုပ်အားခကျဆင်းခြင်း၊ ဝင်ငွေကျဆင်းခြင်း၊ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်း ကြောင့် ငွေကြေးဖောင်းပွခြင်းနှင့် မြန်မာငွေဈေးတန်ဖိုး ကျဆင်းခြင်းတို့သည် ထိခိုက်လွယ်သူများအတွက် ပိုမိုဒုက္ခဖြစ်စေကြောင်း၊ လူပေါင်း ၁၃ ဒသမ ၃ သန်းခန့်သည် စားနပ်ရိက္ခ္ခာ မလုံလောက်မှုကို ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းထားပြီး၊ ကလေးသူငယ် ၅၀၀,၀၀၀ ခန့်မှာ ၂၀၂၄ ခုနှစ်တွင် အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်သည့် ခန့်မှန်းတွက်ချက်ထားကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေးတွင် များစွာ ခက်ခဲနေ၊ ယခုအခါ စစ်တပ်မှ မတရားအာဏာသိမ်းယူမှု ၄ နှစ် အတွင်း ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ကြေကွဲစရာ အခြေအနေတွင် ရောက်ရှိနေပြီး မြန်မာပြည်သူများသည် စကားလုံးဖြင့်ပင် မဖော်ပြနိုင်သည့် ဆိုးရွားသည့် အခြေအနေများကို ကြုံတွေ့နေရကြောင်း၊ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ခြင်းသည်သာလျှင် ငြိမ်းချမ်းရေး ရရှိရေး၊ တာဝန်ခံမှုရှိသော အားလုံးပါဝင်သော အဖွဲ့အစည်းများ ပေါ်ပေါက်ရေးအတွက် အခြေအနေကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ၂၀၃၀ အာဂျင်ဒါ များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်သည်မှာ လွန်စွာထင်ရှားနေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအားချန်မထားဘဲ ထိရောက်သော အရေးယူဆောင်ရွက်မှုများ၊ ပံ့ပိုးမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကူညီပေးရန် မေတ္တာရပ်ခံကြောင်း သံအမတ်ကြီးက ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ အရပ်သားပြည်သူ ၅,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း ၃ ဒသမ ၁ သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ လူပေါင်း ၁၈ ဒသမ ၆ သန်း မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း၊ တိုင်းပြည် လူဦးရေထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက်သို့ ရောက်ရှိနေကြောင်း၊ အလယ်အလတ် လူတန်းစားများ ပျောက်ကွယ်လာနေကြောင်း သံအမတ်ကြီးက ဆိုသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စစ်တပ်၏ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခြင်းမှ လွတ်မြောက်နိုင်ရန် လူငယ်များသည် နိုင်ငံနေရာ အနှံ့အပြားတွင် ပြောင်းရွေ့နေထိုင်ခြင်း၊ နိုင်ငံပြင်ပသို့ ထွက်ခွာခြင်းတို့ကြောင့် အလုပ်မှ ထွက်ခွာသူဦးရေ တစ်နေ့ထက်တစ်နေ့ များပြားလာသည်ကို လုပ်ငန်းကုမ္ပဏီများက အစီရင်ခံ တင်ပြထားကြောင်း ၊ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးမှာ စစ်အာဏာရှင်များသည် တရားဥပဒေစိုးမိုးရေးကို အလုံးစုံဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ရှင်းပြသည်။

ယခင်ကရရှိထားသော စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုမှုများသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဆုတ်ယုတ်သွားသည်မှာ လျစ်လျူရှု၍ မရအောင် လွန်စွာသိသာထင်ရှားလွန်းပါကြောင်း၊ စစ်တပ်၏ ခွဲခြားမှုမရှိ မြင်တွေ့ရာ ပြည်သူများအပေါ် တိုက်ခိုက်မှုများနှင့် ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့၏ မြန်မာပြည်သူများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှု အပေါ် တစိုက်မတ်မတ် ခြိမ်းခြောက်နေကြောင်း၊ မြန်မာနိုင်ငံ တွင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ခြင်းသည်သာလျှင် ငြိမ်းချမ်းရေးရရှိရေး၊ တာဝန်ခံမှုရှိသော အားလုံးပါဝင် သော အဖွဲ့အစည်းများ ပေါ်ပေါက်ရေးအတွက် အခြေအနေကောင်းများကို ဖန်တီးပေးနိုင် မည်ဖြစ်ပြီး ၂၀၃၀ အာဂျင်ဒါများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်သည်မှာ လွန်စွာထင်ရှားနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာပြည်သူများအား ချန်မထားပဲ ထိရောက်သော အရေးယူဆောင်ရွက်မှုများ၊ ပံ့ပိုးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကူညီပေးရန် မေတ္တာ ရပ်ခံကြောင်း သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article