ရခိုင်ပြည်နယ်တွင် ဆေးဝါးပြတ်လပ်မှု အဆိုးဆုံး အခြေအနေကို ရောက်ရှိနေပြီး နာတာရှည် ဝေဒါနာရှင်များ အသက်အန္တရာယ် စိုးရိမ်ရ
ရန်ကုန်၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်အတွင်း ဆေးဝါးပြတ်လပ်မှု အဆိုးဆုံး အခြေအနေကို ရောက်ရှိနေပြီး နာတာရှည် ဝေဒါနာရှင်များ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဆေးဝါးပြတ်လပ်မှုကြောင့် လက်ရှိချိန်တွင် အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာရှင်များဖြစ်သော အာရုံကြော၊ နှလုံး၊ သွေးကင်ဆာ၊ လည်ပင်းကင်ဆာ၊ အသဲ၊ ကျောက်ကပ်နှင့် HIV ပိုး ရောဂါသည်များ အဓိက ခံစားနေရကြောင်း စုံစမ်းသိရသည်။
အာရုံကြော အားနည်းရာမှ ဆေးဝါးပြတ်လပ်မှုနှင့် ဆရာဝန်များဖြင့် မကုသရ၍ ကျန်းမာရေးအလွန်ဆိုးရွာနေကြောင်း အာရုံကြော ရောဂါ ခံစားနေရသည့် ဖခင်ဖြစ်သူ၏ ဝေဒနာကို သမီး ဖြစ်သူက ပြောပြသည်။
” အာရုံကြောက အားနည်းရာကနေ အခု အားပျော့တဲ့ အဆင့်ရောက်သွားပြီ။ ဆေးက ရှာလို မရဘူး။ ပုံမှန်သောက်တဲ့ ဆေးအမျိုးအစားက ရှာမရတော့ အာနိသင်တူ ကုမ္ပဏီမတူတဲ့ ဆေးကို သောက်နေရတယ်။ ပြီးတော့ ဆေးက ဈေးတအားကြီးတယ်။ အဖေ့ကို မနည်း ကြိုးစားပြီး ကုသနေရပါတယ်။ ဆရာဝန်တွေနဲ့လည်း မပြရဘူး။ ဒီတိုင်းအိမ်မှာပဲ အရင်ဆေးညွှန်းတွေနဲ့ ကုနေရတာပဲ။ ” ဟု ၎င်းက ပြောဆိုသည်။
၂၀၂၃ ခုနှစ် တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းက ရခိုင်ပြည်နယ်အတွင်း ရေလမ်း၊ ကုန်းလမ်းအားလုံးကို အကြမ်းဖက် စစ်ကောင်စီက ပိတ်ဆိုခဲ့၍ ယင်းအချိန်မှ စတင်ကာ ဆေးဝါးများပြတ်လပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အိန္ဒိယ-ပလက်ဝ-ရခိုင် နယ်စပ်ကို ဖွင့်ပေးကာ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများ တင်သွင်းခွင့်ရရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်လူငယ်များက နယ်စပ်ဂိတ်များကို ပိတ်ပင်ထားကြောင်း၊ အိန္ဒိယ လူငယ်များ၏ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်မှုကြောင့် ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ ပိုမိုးဆိုးရွာလာပြီး ယခု နာတာရှည်ရောဂါသည်များအတွက် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်အဖေက လည်ပင်းကြီး ကင်ဆာရှိတယ်။ ပြီးတော့ ကျောက်ကပ်လည်းမကောင်းဘူး။ သွေးတိုးကလည်းရှိသေး။ အခု သောက်နေကြ ဆေးက ပြတ်သွားတာ ၅ လလောက်ရှိပြီ။ အိန္ဒိယက လာတဲ့ ဆေးကိုသောက်တာ မသက်သာဘူး။ ဝေဒါနာကို ပိုဆိုးလာတယ်။ အရင်က ရန်ကုန်မှာတာ။ လမ်းပိတ်ထားတော့ ရန်ကုန်ကနေ မင်းပြားကို ဘယ်လို ပိုရမှန်းမသိဘူး။ သောက်နေကြ ဆေးမရတော့ အခု အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပြီ။ ” ဟု မင်းပြားမြို့နယ်မှ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
နှလုံးရောဂါသည်များနှင့် သွေးကင်ဆာ ရောဂါသည်များအတွက် ဆေးဝါး လုံးဝရှာမရတော့ကြောင်းနှင့် အထူးကုဆရာဝန်များလည်း မရှိကြောင်း သိရသည်။
အာရက္ခတပ်တော် AA က တစ်ပိုင်တစ်နိုင်လည်ပတ်နေသော ဆေးရုံ၊ ဆေးများတွင်လည်း ရောဂါကြီးများအတွက် ကုသပေးရန် ဆရာဝန်များမရှိကြောင်းနှင့် မွေးလူနာအတွက်ပင်လျှင် ခက်ခဲနေကြကြောင်း စုံစမ်းသိရသည်။
(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)
