ငါးဇွန်မြို့နယ်၊ မင်းနေကုန်း ရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် PDF တပ်ဖွဲ့ဝင်က နယ်မြေရှင်းလင်းစဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိ၊ ရဲစခန်းကို မီးရှို့ ရှင်းလင်း
ရန်ကုန်၊ ဇူလိုင် ၂၃
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် နယ်မြေ ရှင်းလင်းစဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာရှိ နယ် မြေ ရဲစခန်းမှ စစ်သားနှင့် ရဲများ သည် ကားများဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက လမ်းခုလပ်မှ ဖြတ်တောက်တိုက်ခိုက်ရန် သွားရောက်ခဲ့သော်လည်း အချိန် အနည်းငယ်နောက်ကျသွားသဖြင့် စစ်သားနှင့် ရဲများ မြို့သာရဲစခန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။
ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက မင်းနေကုန်းရဲစခန်းကို သွားရောက်ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ရဲစခန်းတစ်ခုလုံးကိုလည်း မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
“ကားတွေနဲ့ထွက်ဖို့ပြင်ဆင်နေတယ်ဆိုလို့ ကျနော်တို့က တိုက်ဖို့သွားတာ၊ ပြင်ဆင်တာ၊ လူစုနဲ့ ဆိုတော့ နည်းနည်းနောက်ကျသွားတယ်၊ ရဲစခန်းမှာက လူအင်အားကလည်း နည်း၊ ကျနော်တို့က တိုက်ပြီး သိမ်းဖို့ စီစဉ်နေတာ၊ သတင်းပေါက်သွားတာလားမသိဘူး၊ စခန်းနားကပ်သွားတဲ့အချိန်မှာ ဘယ်သူမှမရှိတော့ဘူး။ ပစ္စည်းတွေပါအကုန်လုံးသယ်ထုတ်ပြီးစခန်းစွန့်သွားတာ၊ ဆိုင်ကယ် တစ်စီးပဲ ကျန်ခဲ့တယ်၊ အဲဒီဆိုင်ကယ်တစ်စီးတော့သိမ်းလာခဲ့တယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ နယ်မြေရှင်းလင်းရေးကို နဂါးနီပြောက်ကျားတပ်ဖွဲနှင့် အတူ မဟာမိတ်အဖွဲ့များ ဖြစ်ကြသော ဒေါင်းနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ၊ Hero people Defence Force-မြင်းခြံတို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။



