28 C
Yangon

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ MNDAA လက်ထဲသို့ ကျရောက်ခြင်း မရှိသေးဟု စစ်ခေါင်းဆောင်ထံသို့ အစီရင်ခံစာ တက်နေပြီး မင်းအောင်လှိုင်ကလည်း ရမခနှင့် လားရှိုးမြို့ကို စစ်တပ်က ထိန်းထားနိုင်ဆဲဟု ယုံကြည်နေ

Must read

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ MNDAA လက်ထဲသို့ ကျရောက်ခြင်း မရှိသေးဟု စစ်ခေါင်းဆောင်ထံသို့ အစီရင်ခံစာ တက်နေပြီး မင်းအောင်လှိုင်ကလည်း ရမခနှင့် လားရှိုးမြို့ကို စစ်တပ်က ထိန်းထားနိုင်ဆဲဟု ယုံကြည်နေ

ရန်ကုန်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားသော လားရှိုးမြို့နယ်တစ်ခုလုံး MNDAA လက်ထဲသို့ ကျရောက်ခြင်းမရှိသေးကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံသို့ စစ်ဘက်ဆိုင်ရာအစီရင်ခံစာက တင်ပြကြပြီး မင်းအောင်လှိုင်ကလည်း လားရှိုးရမခ ဆက်လက် ထိန်းထားနိုင်သည်ဟု ထိုသို့ ယုံကြည်နေဆဲဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

” စစ်ရုံးအစီရင်ခံစာတွေမှာတော့ ရမခနဲ့ လားရှိုး က မကျသေးဘူး။ ထိန်းထားနိုင်တယ်ဆိုပြီး အစီရင်ခံစာတွေက တပ်ချုပ်ဆီ အထိ တက်ထားပါတယ်။ တပ်ချုပ်ကြီးဘက်ကလည်း ရမခရော လားရှိုးရော မကျသေးတဲ့အတွက် လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဖို့နဲ့ ဒုတပ်ချုပ်အထိကပါ အနီးကပ်ကြီးကြပ်ကွပ်ကဲဖို့ ညွှန်ကြားမှုတွေရှိပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

သို့ရာတွင် ​MNDAA တပ်များက လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာများအားလုံးကို သိမ်းပိုက်ထားမှုများကို ဓာတ်ပုံ သက်သေများနှင့်တကွထုတ်ပြန်ထားသည်။ ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် လားရှို လေဆိပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပါဝင်ခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းကမူ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဟု ကြေညာထားမှုမှာ သတင်းအမှားသာဖြစ်ပြီး မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

“MNDAA အဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဆိုပြီး ကြေညာခဲ့တာတွေ့ရပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူတစ်ဦးက အဲဒီသတင်းနဲ့ပတ်သက်ပြီး ဒီသတင်းဟာ မဟုတ်မှန်ကြောင်းနဲ့မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုသာ ဖြစ်​ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

MNDAA က လားရှိုးမြို့ သိမ်းဓာတ်ပုံများ မထုတ်ပြန်မီ အကြမ်းဖက် ဇော်မင်းထွန်းက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များသည် ဇူလိုင်လ တိုက်ပွဲများအတွင်း ထိခိုက်မှုများပြားသဖြင့် အခြေ အနေမှန်ကို ဖုံးကွယ်ရန်၊ စိတ်ဓာတ်ရေးရာ ထိခိုက်မှုကို ဖုံးကွယ်ရန် လားရှိုးရှိ ရမခဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီဟု သတင်းလွှင့်ခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

“‘လားရှိုးမြို့ အချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ် အချို့နေရာတွေမှာ မော်တော်ယာဉ်နဲ့ လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်တာတွေ ဆောင်ရွက်နေတာတွေကို တွေ့ရမှာဖြစ်တယ်”ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

စစ်ကောင်စီက မည်သို့ပင် ငြင်းဆိုစေကာမူ လားရှိုးမြို့နယ်တစ်ခုလုံးကို MNDAA က ဖွဲ့စည်းထားသော အုပ်ချုပ်ရေးကော် မတီ က စတင်အုပ်ချုပ်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးများ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် MNDAA က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article