ရန်ကုန်| ဇူလိုင် ၃၀
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များတွင် စစ်တပ်ကထောင် ထားသော မိုင်းများကို နင်းမိ၍ ဒဏ်ရာရရှိပါက ဒဏ်ရာရရှိသူများထံမှ မိုင်းအတွက် လျှော်ကြေးငွေ စစ်ကောင်စီ တောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းနင်းမိသူများသည် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ပေးနေရပြီး မိုင်းလျှော်ကြေးငွေ မပေးပါက အသက်ရှင်လာသူများအား ဆေးကုသခွင့် မပြုဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက် အကျပ်ကိုင်နေကြောင်း ဂွမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
“တပ်ပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ထားတယ်။ နင်းမိရင် နင်းတဲ့သူက ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းထိလျှော်ရမယ်တဲ့။ သေရင်တော့ လျှော်ပေးစရာမလိုဘူး။ မသေရင်တော့ မိုင်းဖိုးလျှော်ကြေး ပေးရမယ်ဆိုပြီး တပ်ဖက်က ပြောထားတယ်။ ပုံမှန် မျှစ်ချိုးနေကြသူတွေလည်း အခုမသွားရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။
ဂွမြို့နယ်အပြင် ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဧရိယာအတွင်း ထောင်ထားသော မိုင်းများကို ဒေသခံပြည်သူများ နင်းမိပါက မိုင်းတန်ဖိုး လျှော်ကြေးငွေ တောင်းခံနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။
“၂၆ ရက်နေ့က ဇေတီယျဖက်မှာ မျှစ်ရှာထွက်တဲ့ လူငယ်တစ်ယောက် မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်သွားတယ်။ စစ်တပ်က မိုင်းဖိုးငွေ တောင်းတယ်။ မပေးရင် ဆေးကုသခွင့်မပေးဘူး။ ခြေပြတ်တဲ့သူရဲ့ မိသားစုဝင်ဖက်က မိုင်းနင်းမိတဲ့ လျှော်ကြေးအဖြစ် ကျပ် ၅ သိန်းပေးလိုက်ရတယ်” ဟု ပြောသည်။
ဂွနှင့် ကျောက်ဖြူအပြင် အမ်း၊ တောင်ကုတ် စသည့် မြို့နယ်တို့တွင်လည်း မိုင်းနင်းမိသူများမှာ မိုင်းလျှော်ကြေးအဖြစ် ကျပ် ၅ သိန်းခန့်ပေးရမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသိပေး ကြေညာထားကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် မိုင်းနင်းမိသူများအား ဆေးကုသမှုပေးရမှာ ဖြစ်သလို ၎င်းတို့၏ မိသားစုဝင်များကိုပါ စားသောက်နေထိုင်ရေးအတွက် စီစဉ်ပေးရမည့်အစား မိုင်းဆုံးရှုံးမှုတန်ဖိုးငွေ ပြည်သူများထံမှ တောင်းယူနေခြင်းသည် လူ့ကျင့် ဝတ်နှင့် လုံးဝကိုက်ညီမှုမရှိကြောင်း ရခိုင်ပြည်အတွင်း မိုင်းအသိပညာပေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ဒီသတင်းစကားကို ကြားရတာ ဘယ်လိုမှ လက်ခံလို့မရတဲ့ စကားပါပဲ။ ပြည်သူတွေကို မိုင်းအသိပညာပေးရမယ့်အစား သူတို့မိုင်းဆုံးရှုံးလို့ ပိုက်ဆံတောင်းတယ်ဆိုတာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူမဟုတ်တော့ဘူး။ လူ့ကျင့်ဝတ်ကို တော်တော် ဆိုးဆိုးဝါးဝါး ဖောက်ဖျက်တာ ဖြစ်တယ်။ ကမ္ဘာမှာ တခါမှ မကြားဖူးဘူး။ မိုင်းနင်းမိတဲ့ ပြည်သူတွေကို ပိုက်ဆံတောင်းတာ။ စစ်ကောင်စီဟာ တော်တော်လေးကို ယုတ်ညံ့ဖွယ်ကောင်းတယ်။ အယုတ်ညံ့ဆုံး လုပ်ရပ်ကို လုပ်လိုက်တာပဲ။ လူလို့တောင် သတ်မှတ်ဖို့ မကောင်းတော့ဘူး။ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲကြောင့် မိုင်းနင်းမိ၍ သေဆုံးသူ၊ ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူ ၅၀၀ အနည်းဆုံးရှိနေပြီး ယခု တကျော့ပြန်စစ်ပွဲအတွင်းမှာလည်း မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀ နီးပါးရှိကြောင်း မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ဆိုသည်။
မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေ အပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်သည် ကလေးငယ်များဖြစ်သည်ဟု ယူနီဆက်ဖ် UNICEF က ဆိုသည်။
ဓာတ်ပုံ – ရခိုင်တိုက်ပွဲများအတွင်း မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်ရသည့် ဒေသခံအမျိုးသမီးတစ်ဦး။ (ဓါတ်ပုံ – CJ)
(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar