■ ညောင်လေးပင် ခရိုင်တွင် ကျေးရွာ ၁၃၀ ရေနစ်မြုပ်နေပြီး ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ရေနစ်သေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ရေနစ်မြုပ်နေပြီး ပိတ်မိနေသော ပြည်သူများကို လိုက်လံ ကယ်ထုတ်နေကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ကာ တနင်္သာရီမြစ်ရေသည် စတင်မြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ၂၇ ပေ ၇ လက်မ သို့ ရောက်ရှိကာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ ၃ ပေ ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ တကူ၊ ဘန်လော၊ ဘန်လင်၊ ကိုးအင်း၊ ကျောက်စရစ်၊ သိန္ဒော၊ ဘန်းပြည့်၊ ခြောက်အိမ်စု၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ တိုက်ကမ်းနှင့် ညောင်ပင်ကွင် ရွာများအပါအဝင် ကျေးရွာ အများအပြားတွင် ရေနစ်မြုပ်နေပြီး ပြည်သူအများ အပြားပိတ်မိနေခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ပိတ်မိနေသော ပြည်သူများကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ရဲဘော်များက ကယ်ထုတ်နေပြီး ဘေးလွတ်ရာကို ရွေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
“နေရာ တော်တော်များများမှာကို ရေနစ်မြုပ်နေတာ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာလည်း ပြောဖို့ခက်တယ်။ ရေနစ်မြုပ်လို့ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် ကျေးရွာ ၁၃၀ နေနစ်မြုပ်နေပြီး ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
မူးမြို့နယ်တွင် ဇူလိုင်လ၂၅ ရက်နေ့မှ ယနေ့အချိန်အထိ ရေနစ်မြုပ်သည့်ကျေးရွာ စုစုပေါင်း ၅၇ ရွာရှိပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ရေကြီးရေလျှံမှုကြောင့် မြောင်းဦးကျေးရွာမှ ဦးထက်လင်းအောင်+မချိုုချိုဌေး တို့၏ သမီး အသက်၄ နှစ်ရှိ ကြည်နဒီသိန်း မှာ ရေနစ်သေဆုံးခဲ့ရကြောင်း သိရှိရသည်။
လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တွင် ဇူလိုင်လ၂၁ ရက်နေ့မှ ယနေ့အချိန်အထိ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းရှိ ကျေးရွာများ ရေဘေးသင့်ခဲ့ရကြောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် တောကြောင်ပေါက်ကျေးရွာမှ စစ်တောင်းမြစ် ရေတမံကြိုးမှုကြောင့် ရေများအရှိန်ဖြင့် တောကြောင်ပေါက်ကျေးရွာတွင်းသို့ ဝင်လာကာ နေအိမ်များ ရေနစ်မြှုပ်ခဲ့ရကြောင်း သိရသည်။
လယ်ဒို မြို့နယ်အတွင်း ကျေးရွာပေါင်း ၄၁ ရွာရှိ နေအိမ်စုစုပေါင်း ၆၈၁၃ လုံး မှ လူဦးရေစုစုပေါင်း ၁၈၆၉၈ ဦး ခန့်ရေဘေးသင့်ခဲ့ရကြောင်း၊ ထို့ပြင် ဆောထိမြို့နယ်တွင် ကျေးရွာ စုစုပေါင်း ၃၂ ရွာရှိသည့်အနက် ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာ စသည့်ကျေးရွာများသည် ရေဘေးဒဏ်နှင့် စစ်ဘေးဒဏ်ပါ ကြုံတွေ့နေရသည့်အတွက် အသက်ဘေးလွတ်ရာသို့ ခိုလှုံနေရကြောင်း သိရရှိသည်။
ဆောထိ၊ လယ်ဒိုနှင့် မူးမြို့နယ် ၃ မြို့နယ်စလုံးတွင် ဇူလိုင်လ၂၅ ရက်နေ့မှစ၍ မြစ်ချောင်းများမှ ရေကြီး ရေလျှံ မှုကြောင့် ကျေးရွာတွင်းရှိနေအိမ်များ ရေမြှုပ်ခဲ့ရပြီး သိုလှောင်ထားသော ဆန်/စပါးများနှင့် ထင်း မီးသွေး များ ရေစိုပျက်စီးခြင်းကြောင့် အစားအစာနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲကြုံနေရခြင်း၊ ကျွဲ/နွား တိရိစ္ဆာန်များ သေဆုံးခြင်းနှင့်နေစရာမရှိခြင်း၊ ကလေးငယ်၁ ဦး ရေနစ်သေဆုံးခြင်း၊ လမ်းတံတား များ/ ရေတမံများ ကြိုးကျပျက်စီးခြင်းကြောင့် ကျေးရွာတွင်းသို့ ရေများအရှိန်အဟုန်ဖြင့် လွှမ်းမိုးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ စာသင်ကျောင်းများ ပိတ်ပင်ရခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များ ကြောင့် ကျန်းမာရေးကုသမှုမရရှိခြင်းနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရသည်။
ဆောထိမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်းရှိ နေအိမ်များရေနစ်မြှုပ်ခြင်းနှင့် ကျွဲနွားတိရိစ္ဆာန်များ သေဆုံး ရသည့် အရည်အတွက်စာရင်းများကိုကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ခလယ်လွီထူခရိုင်အတွင်းရှိ ရေဘေးသင့် ပြည်သူလူထုများအတွက် အရေးပေါ်လူသားခြင်းစာ နာထောက်ထားမှု ဆိုင်ရာအကူအညီ များလိုအပ်လျှက်ရှိကြောင်း KNU ဗဟိုက ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် ရေဖြူကန်ကျေးရွာမှနေ၍ ချုံအင်းကျေး ရွာနှင့် ကောက်မယ့်သူ ကျေးရွာတွင် လက်နက်ကြီးများ ပစ်ခတ်လျှက်ရှိသောကြောင့် ချုံအင်း ကျေးရွာမှ အသက် ၃၃အရွယ် နှစ်ရှိ နော်ဆဲလာဖော လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိသည့်အပြင် ကောက်မယ့် သူကျေးရွာမှ အသက်၂၁ နှစ်ရှိ နော်မီးမီးဆိမှ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar