ရွှေစျေး သိန်း ၇၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်ကျကာ တစ်ဒေါ်လာ ၅၅၀၀ ဝန်းကျင်တွင်ရှိနေ
ရန်ကုန်၊ ဩဂုတ် ၂
ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် သိန်း ၇၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ အနည်းငယ်ကျဆင်းသွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယနေ့ ကမ္ဘာ့ရွှေစျေးများ ဆက်တိုက် မြင့်တက်နေပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၆၅ အထိ မြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာစျေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၅၅၀၀ ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။
“ကမ္ဘာ့စျေးတက်တော့ ရွှေစျေးက သိန်း ၇၀ အထိ တက်တယ်။ အပိတ်မှာတော့ နည်းနည်းပြန်ဆင်းတယ်။ ၆၉ သိန်း ၈ သောင်းလောက်ရှိတယ်။ အဝယ်ကတော့ ညှိနှိုင်းရောင်းတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းမြင့်တက်မှုကို ချေဖျက်ရန် ဟွန်ဒီငွေလွှဲလုပ်ကိုင်သည်ဆိုသော လူပုဂ္ဂိုလ် ၉၃ ဦး၏ ဘဏ်အကောင့်များကို ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။