ရန်ကုန်၊ ဩဂုတ် ၈
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့ ညသန်းခေါင်ယံနှင့် ဩဂုတ်လ ၈ ရက်နေ့ နံနက်အစောပိုင်း စစ်ကောင်စီ၏ Y12 လေယာဉ်များက လိုင်ဇာမြို့အနီးသို့ လာရောက်၍ ဗုံးများကျဲချခဲ့ကြောင်း၊ လတ်တလော ထိခိုက်ဒဏ်ရာမှုအနေဖြင့် အမျိုးသမီး ၁ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး ခရစ်ယာန်ဘုရားကျောင်းပျက်စီးမှုရှိကြောင်း ၎င်းက ဆိုသည်။
“လိုင်ဇာ မိုင်ဆက်ပါဘက်မှာတော့ နှစ်ခြင်းခရစ်ယာန်ကျောင်း ပျက်စီးတယ်။ မြို့သစ်ဘက်မှာလည်း လေယာဉ်နဲ့ဗုံးကျဲတာ အမျိုးသမီး ၁ ဦးထိခိုက်မှုရှိတယ်။ ကျန်တာတော့ ထိခိုက်တာ မကြားရသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီလေယာဉ်များက လိုင်ဇာပတ်ဝန်းကျင်သို့ ဗုံးလာကျဲချိန် တရုတ်နိုင်ငံက နယ်နမိတ် မကျူးကျော်ရန် အချက်ပြပစ်ခတ်မှုများရှိပြီး တရုတ်လေယာဉ်များကလည်း ပျံဝဲမှုရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။
“တရုတ်ဘက်က အချက်ပြပုံစံနဲ့ ပစ်ခတ်တာရှိတယ်။ ဟိုလိုကြီး တိုက်ပွဲလိုမျိုးမဟုတ်ဘူး။ တရုတ်လေယာဉ်တွေလည်းပျံဝဲမှုရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ရှင်းလင်းပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar