ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် Posco International ကုမ္ပဏီရုံးမှ ဝန်ထမ်းများကို ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီး
ရန်ကုန်၊ ဩဂုတ် ၁၀
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သတဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်နေသည့် Posco International E & P ကုမ္ပဏီရုံးတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း ၄ ဦး အိမ်အပြန် ရန်ကုန်လေဆိပ်တွင် ယခု ရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
Posco International E & P မှ ဝန်ထမ်း ၃ ဦးကို ဇူလိုင်လအတွင်းကလည်း အကြမ်းဖက်စစ်တပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးသွားခဲ့ဖူးပြီး ထပ်မံ၍ ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
“ POSCO INTERNATIONAL က ကျောက်ဖြုက OGT ဝန်ထမ်း တွေ အိမ်အပြန် ရန်ကုန်လေဆိပ် မှာ ထပ်မံဖမ်းခံရပါတယ်။ ဖမ်းတဲ့သူ တွေကို ဘာအမှုနဲ့ ဘယ်ခေါ်မှန်း မသိရသေးဘူး ကျွန်တော် ကြားတဲ့ သတင်းအရတော့ OGT ပြင်ပမှာလည်း မိုင်းတွေ ထောင်ထားတယ် ပြောတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
Posco International E & P သည် တောင်ကိုရီးယားကုမ္ပဏီဖြစ်သော်လည်း အဆိုပါ ကုမ္ပဏီတွင် လုပ်ကိုင်နေသူများသည့် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ ဝန်ထမ်းများကို ဖမ်းဆီးရာတွင် ကူညီပေးနေကြောင်း ၊ ဖမ်းဆီးခံရသော ဝန်ထမ်းများကို သက်သေမရှိဘဲ စစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) များဖြင့် တရားစွဲဆိုထားကြောင်း ဇူလိုင်လအတွင်း ဖမ်းဆီးခံထားရသည့် ဝန်ထမ်းများ၏ မိသားစုဝင်များက ပြောကြားသည်။
“သက်သေ လုံးဝမရှိဘူး။ ဘာမှ သက်သေမရှိဘဲနဲ့ အမိန့်ချတာ။ Posco လူကြီးတွေက စစ်တပ်ဘက်နဲ့ ပေါင်းပြီးတော့ သူ့ဆီက အလုပ်လုပ်တဲ့ လူတွေ ၊ ဒီ အလုပ်လုပ်နေတဲ့ လူတွေက PTTEP တို့ Part Time သဘောတွေပေါ့ ။ အမြဲ တမ်း Worker မဟုတ်တဲ့ လူတွေကို ခဏခိုင်းပြီးတော့ အကုန်လုံး သူလျှိုနဲ့ ဝင်ပြီးတော့ ဖမ်းတာပါ” ဟု ဖမ်းဆီးခံထားရသည့် ဝန်ထမ်းတစ်ဦး၏ မိသားစုဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်ကောင်စီတပ်က Posco ဝန်ထမ်းများကို ဖမ်းဆီးပြီးနောက် လစာများ၊ ငွေ ကြေးများ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်း လုယူထားကြောင်း၊ K Pay ဘဏ်အကောင့်မှ ငွေကြေးများကို စစ်ထောက်လှမ်းရေးများ လွှဲပြောင်းရယူသွားကြောင်း သိရှိရသည်။
” စရဖ က လူကိုလည်းဖမ်း ၊ လစာတွေ ဘဏ်ထဲကငွေတွေကိုပါ ရိုက်ပြီးလွှဲခိုင်းတာ။ ဝတ်ထားတဲ့ အင်္ကျီကအစ ချွတ်ယူထားတာ၊ လစာကောင်းတဲ့လူတွေကိုဖမ်းပြီး ငွေလည်းယူ လူလည်းတရားစွဲ လုပ်လာတာ” ဟု အခြေအနေကိုသိရှိထားသော သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ကျောက်ဖြူမှ လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်စဉ် ခရီးသည်အဖြစ် လိုက်ပါလာသော ရခိုင်တိုင်းရင်းသား ဆရာဝန် ဒေါက်တာ ဦးကို ဆိုသူကို စစ်တပ်က လေဆိပ်ထဲတွင် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ ဒေါက်တာဦးကိုသည် Posco International (OGT)မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ကို မသိရှိရကြောင်း၊ လက်ရှိအချိန်အထိ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်လေဆိပ်ကို စောင့်ကြပ်နေသော ရဲတစ်ဦး။ (ပုံအဟောင်း ဖြစ်ပါသည်။)
Photo- Agency။