26.1 C
Yangon

ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုဟု အမေရိကန်အစိုးရက ဆက်လက်သုံးစွဲ

Must read

ရန်ကုန်၊ မေ ၁၂

မြန်မာပြည်သူများနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများအပေါ် ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံအရေးယူမည်ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Michael George DeSombre က တရားဝင် ထုတ်ဖော်ပြောဆိုသည်။

အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်၍ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ စုပေါင်းပြီး မြန်မာနိုင်ငံတွင် ပြည်သူများနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Rubio ထံသို့ စာပေးပို့ခဲ့ကြရာ အမေရိကန်အစိုးရက ယခုနှစ် မေလ ၆ ရက်နေ့တွင် ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။

“ကျနော်တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံမှာ ပြည်သူတွေနဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေကို နေ့ထူးနေ့မြတ်တွေမှာတောင် တိုက်ခိုက်နေတာတွေအတွက် စာရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်စား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စာပြန်ပါတယ်။ သူရဲ့စာထဲမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အစိုးရလို့လည်း မသုံးထားသလို အသိအမှတ်လည်း မပြုထားဘူး။ သူက မြန်မာအာဏာသိမ်းစစ်တပ် (Military Regime) လို့ပဲ သုံးနှုန်းထားတယ်။ မြန်မာ Military Regime ကို ထိရောက်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်ဆိုတာ အကြောင်းပြန်ထားတယ်” ဟု Burma Research Institute မှ ဥက္ကဋ္ဌ Zo Tum Hmung က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့သောစာတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ “Christ the King” ကက်သလစ်ဘုရားကျောင်းနှင့် မင်းတပ်မြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ခရစ်ယာန်ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အချိန်များတွင် စစ်တပ်က ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်မှုများအပါ အဝင် နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကို အသေးစိတ်ဖော်ပြခဲ့သည်။

ယင်းအပြင် မြန်မာအကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ချိုးဖောက်နေသူများကို အမေရိကန်အစိုးရက ထိထိရောက်ရောက် အရေးယူရန် အကြံပြုချက် ၁၀ ချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။

“အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူတာမျိုးတွေ ဆက်လုပ်သွားမှာပါ။ လူကြီးမင်းတို့ အကြံပြုချက်တစ်ခုချင်းစီကို သေချာစိစစ်ပြီး စစ်ကောင်စီက အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်လာအောင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဆင်ပြေပြေ ပေးပို့နိုင်အောင်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးအောင်နဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပိုပြီး ဖိအားပေးနိုင်မလဲဆိုတာကို သေချာစဉ်းစားသွားပါ့မယ်” ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က ပြောဆိုထားသည်။

အကြမ်းဖက် မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး သမ္မတ အဖြစ် ကိုယ့်ကိုကိုယ် ခန့်အပ်ပြီးနောက်၊ အမေရိကန်အစိုးရနှင့် ပြေ လည်စေရန် ဒေါ်လာသန်းချီသုံး၍ လော်ဘီ (Lobbyist) များ ငှားရမ်းခြင်းများ လုပ်ဆောင်နေချိန်တွင် အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်နှင့် စစ်တပ်ကို အမေရိကန်အစိုးရက အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုအဖြစ် ဆက် လက်သုံးစွဲနေခြင်းလည်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article