ရန်ကုန်၊ မေ ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ကြီးထွန်းရာကျော်ကို ရေးဘီလူးတပ်ဖွဲ့က မြို့ပေါ်အထိ တက်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဒုတပ်ရင်းမှူး ဗိုလ်ကြီးထွန်းရာကျော် သေဆုံးကြောင်း ရေးဘီလူးတပ်ရင်းမှ တပ်ရင်းမှူးက အတည်ပြုပြောဆိုသည်။
ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်ခန့်အချိန် လမိုင်းမြို့၊ မြို့မ ၁ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ရဲစခန်းအနီး ဒုတပ်ရင်းမှူး ဗိုလ်ကြီးထွန်းရာကျော်မှာ HONDA FIT (အဖြူရောင်) ယာဉ်ပေါ်တွင် ဖုန်းပြောနေစဉ် ရေးဘီလူးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ကြီးထွန်းရာကျော်တွင် သေနတ်ဒဏ်ရာ ၅ ချက်ခန့် ရရှိခဲ့ပြီး လမိုင်းမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်လောက်မှာ လမိုင်း-ကော့သော့သွားတဲ့လမ်း ရဲစခန်းအနီးနားမှာ ဒီဒုတပ်ရင်းမှူးကို ရှင်းလင်းလိုက်တာပါ။ သူက ပီအေ (ကိုယ်ရံတော်) သုံးယောက်နဲ့ စျေးဝယ်ထွက်လာတာ။ သူက ကားပေါ်မှာ ဖုန်းပြောရင်း ကျန်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့က ဝင်ကြုံးလိုက်တာပါ။ သူ့ပီအေတွေက ပြန်ပစ်ဖို့ အချိန်မရလိုက်ဘူး။ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ ဆေးရုံရောက်တော့ သေဆုံးသွားတယ်”ဟု ရေးဘီလူးတပ်ရင်းမှူးက ပြောဆိုသည်။
ဗိုလ်ကြီးထွန်းရာကျော်သည် သင်္ကြန်ကာလအတွင်းက ဒေသခံလူငယ်တစ်ဦးကို အကြောင်းမဲ့ ရက်ရက်စက်စက် ရိုက်နှက်နှိပ် စက်ခဲ့ခြင်း အပါအဝင် အာဏာကို အလွဲသုံးစားလုပ်၍ ပြည်သူများအပေါ် အနိုင်ကျင့်နေသူဖြစ်သောကြောင့် ပစ်မှတ်ထား ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကောင်က သင်္ကြန်အတွင်းမှာ လမိုင်းသားတစ်ယောက်ကို ရက်ရက်စက်စက် ရိုက်နှက်ထားတယ်။ အပြစ်မရှိဘဲနဲ့ အနိုင်ကျင့်တာပေါ့။ ဒီလိုမျိုး မတရားအာဏာပြပြီး မြို့ထဲမှာ ထင်တိုင်းကျဲလို့ရတယ်လို့ ထင်နေတဲ့ အကောင်ကြီးတွေကိုပဲ ကျွန်တော်တို့က ရွေးပြီး ပုံစံပေးတာပါ။ လက်နက်တော့ မရဘူး။ သူ့ဆီက ပိုက်ဆံ ၂ သိန်းပဲ သိမ်း ဆည်းရမိတယ်” ဟု ရေးဘီလူးတပ်ရင်းမှူးက ဆက်လက်ရှင်းပြသည်။
အဆိုပါ မစ်ရှင်ကို လုပ်ဆောင်ခဲ့သည့် တော်လှန်ရေးရဲဘော်များမှာ အထိ အခိုက်မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။




