26.7 C
Yangon

MV GUO QIANG 8 ကုန်တင်သင်္ဘောအင်ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ မြန်မာသင်္ဘောသား ၂ ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံး

Must read

ရန်ကုန်၊ မေ ၁၂

နိုင်ငံခြားကုန်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော MV GUO QIANG 8 ကုန်တင်သင်္ဘောတွင် မြန်မာသင်္ဘောသား ၂ ဦးက အင် ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း ရန်ကုန်အခြေစိုက် သင်္ဘောသားအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ MV GUO QIANG 8 တွင် Fitter ရာထူး တာဝန်ထမ်းဆောင်နေသူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင် နှင့် ကိုအုပ်စိုးအောင်တို့ ၂ ဦးသည် သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက် အလုပ်လုပ်ရင်း အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဒီဖြစ်ရပ်ကတော့ ဝမ်းနည်းဖို့ကောင်းတယ်။ သင်္ဘောသား ၂ ဦးလုံးက မတော်တဆမှုပေါ့နော်။ သင်္ဘော အင်ဂျင်ခန်း၊ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်နေရာ (Enclosed Space) တစ်ခုအတွင်း ဝင်ရောက်လုပ်ကိုင်နေစဉ်မှာပဲ မမြင်နိုင်တဲ့ အန္တရာယ်ဖြစ်တဲ့ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်အခြေစိုက်သင်္ဘောလိုင်းကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

သေဆုံးသူ ၂ ဦးအနက် ကိုဝင်းထွဋ်ဝင်း (အသက် ၃၉ နှစ်) မှာ အိမ်ထောင်သည် ၁ ဦးဖြစ်ပြီး ဇနီးနှင့်သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကာ အခြားသေဆုံးသူ သင်္ဘောသား ကိုအုပ်စိုးအောင်မှာမူ လူပျိုလူလွတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ကုန်တင်သင်္ဘောများတွင် သင်္ဘောသားများအတွက် အလုံပိတ်နေရာ (Enclosed Space) များမှာ အန္တရာယ်အရှိဆုံးသော နေရာများဖြစ်ပြီး အင်ဂျင်ခန်းအတွင်းရှိ အခန်းလွတ်များ၊ တိုင်ကီများနှင့် လေလုံနေသည့်နေရာများမှာ အောက်ဆီဂျင်နည်းပါးနေတတ်သလို အဆိပ်ငွေ့များလည်း ရှိနေနိုင်ကြောငး၊ ထို့ကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ရန်၊ ယင်းသို့သော အခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ဆီဂျင်ပမာဏကို အသေအချာ တိုင်းတာစစ်ဆေးရန်၊ အလုပ်လုပ်ကိုင်စဉ် အပြင်ဘက်မှ စောင့်ကြည့်သူ (Standby Person) အမြဲရှိနေရန်နှင့် ဆက်သွယ်ရေးစနစ်များ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်း ဝါရင့်သင်္ဘောသားတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article