ညောင်လေးပင်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ယာယီတပ် ရင်းမှူး နှင့် တပ်ခွဲမှူးတို့သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၀
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို KNLAနှင့်PDF ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၆ ရက်နေ့ ၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ရေဖြူကန်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းကို KNLAတပ်ရင်း ၉ ၊ ပဲခူးခရိုင် PDFတပ်ရင်း ၃၇၀၂ နှင့် PDFတပ်ရင်းတောကျီးကန်းတို့မှ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ခမရ ၃၄၉ ဒုရင်းမှူး (ယာယီတပ်ရင်းမှူး) နှင့် တပ်ခွဲမှူးတို့သေဆုံးခဲ့ပြီး တပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အဆိုပါဒေသမှ ပြည်သူများအ ပေါ်တာဆွဲခြင်း၊ ဓားစာခံအဖြစ်ဖမ်းဆီးချူပ်နှောင်ခြင်းနှင့် ပြည်သူလူထု၏လွတ်လပ်စွာသွားလာနေထိုင်ခွင့်ကို နှောက်ယှက်ခြင်း တို့ကိုပြုလုပ်လျက်ရှိကြောင်း၊ ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ဒရုန်းပစ်ခတ်မှုကြောင့် ဇွန်လနှင့်ဇူလိုင်လအတွင်း အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။