26 C
Yangon

ရခိုင်ပြည်၊ ဂွမြို့နယ်အထိ AA ၏ ထိုးစစ်များ ရောက်ရှိလာပြီး ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်

Must read

ရန်ကုန်| ဩဂုတ် ၁၃

ရခိုင်ပြည်၊ ဂွမြို့နယ်အထိ AA ၏ ထိုးစစ်များ ရောက်ရှိလာပြီး ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့မှစတင်၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေတွင် ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက် ခိုက်နေရာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ကျိန္တလီမြို့ရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီကလည်း ရဲစခန်းအနီးက တောင်တန်းများနှင့် ရဲစခန်းဟောင်းအနီး တစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

” တိုက်ပွဲဖြစ်တာက ၂ ရက်လောက်ရှိပြီ။ ချင်းကွင်းကနေစတာ။ မနေ့က ရဲခန်းအနီးမှာ စဖြစ်ကြတယ်။ ဒီနေ့လည်း ဖြစ်နေကြတာပဲ။ လေယာဉ်က မနေ့က တစ်စီးလာတယ်။ မြို့ပေါ်ဝဲပြီး ရဲစခန်းအနီးက တောင်တန်းကို ဗုံးကြဲသွားတယ်။ ဒီနေ့ လေယာဉ် ၂ စီးလာတယ်။ ရဲစခန်းအနီး တောင်ထန်း ထပ်ဗုံးကြဲတယ်။ ဆေးရုံအနီးမှာ ရဲစခန်းဟောင်းရှိတယ်။ အဲဒီကိုလည်း ဗုံးကြဲသွားတယ်။ ကျိန္တလီမြို့ထဲကိုတော့ ဗုံးမကြဲသွားဘူး။ မြို့အပြင်လောက်ကိုပဲ အဓိက ကျိန္တလီရဲစခန်းအနီးတစ်ဝိုက်ကိုပဲ ကြဲနေတာ။ ” ဟု ပြောသည်။

မြို့ခံအချို့၏ ပြောဆိုချက်အရ သံတွဲ-ကျိန္တလီမြို့ကြားရှိ စစ်ကောင်စီတပ်စခန်းများကို AA က တိုက်ခိုက်လာပြီး ပုဇွန်ဖြေ၊ ချင်းကွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သိမ်းပြီးနောက် ကျိန္တလီမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ် သည်ဟု သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် တိုက်ပွဲပြင်းထန်ခြင်းခဲ့ကြောင်း၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ရဲစခန်းဟောင်း မီး လောင်သွားခဲ့ကြောင်း သိရှိရသည်။

ကျိန္တလီမြို့အတွင်း တိုက်ပွဲဖြစ်မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က မြေပြင် AA အုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကြိုတင်သတိပေးထားခဲ့၍ မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

” ကျမတို့ ထွက်လာတာ ၃ ရက်လောက်ရှိပါပြီ။ အခု ဘေးကင်းရာကို ရောက်နေပါတယ်။ မြို့ထဲမှာက အများစုက စစ်ရှောင်သွားကြပါပြီ။ ဒါပေမယ့် နည်းနည်းတော့ ကျန်နေပါသေးတယ်။ မထွက်ကြတဲ့သူတွေလည်းရှိကြတယ်။ မနေ့ကနေ ဗုံးကြဲနေတော့ မြို့ထဲ မနေရဲကြဘဲ ဒီနေ့ဆို အထွက် များကြတယ်။ ကျိန္တလီမြို့အဝင်အထွက်တော့ ဒီနေ့ နေ့လယ်အထိ မပိတ်ဘူး။ ထွက်လို့ရတယ်။ ဒါပေမယ့် ကျိန္တလီရဲစခန်းက ဂွမြို့ဘက်အထွက် လမ်းမှာရှိနေတော့ ဒီနေ့ ညနေ ၄ နာရီလောက်မှာ ပိတ်လိုက်တယ်။ သံတွဲဘက် ထွက်မယ်ဆို ရတယ်။ ဂွမြို့ဘက် ထွက်မယ်ဆို နည်းနည်း ခက်သွားပြီပေါ့။ ” ဟု အဆိုပါ ဒေသပြည်သူက ပြောသည်။

သံတွဲမြို့ပေါ်နှင့် ငပလီမြို့တို့က စစ်ကောင်စီ တပ်ရင်းများ၊ တပ်ဖွဲ့များနှင့် စစ်စခန်းများကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း ဂွမြို့နယ်ဘက်သို့ တိုက်ပွဲကူးစက်လာခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်း ထန်ချိန် ပြီးခဲ့သည့် ၃ လခန့်ကစ၍ ဂွမြို့နယ်တွင် စစ်ရေးပြင်ဆင်မှုများထားရှိထားသလို ဂွမြို့နှင့်ဧရာဝတီအစပ် ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများ စေလွှတ်ထားကြောင်း စစ်ရေးသိသူများက ပြောဆိုထားကြသည်။

ဓာတ်ပုံ – ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ နယ်မြေရဲစခန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ နယ်မြေရဲစခန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article