ရန်ကုန်၊ ဩဂုတ် ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က ဗုံးများကျဲချနေပြီး မီးခိုးအလွန်ထွက်သော ဗုံးများပါဝင်နေ၍ ဓာတုအဆိပ်ငွေ့ဗုံး ဖြစ်မည်ကို ပြည်သူများ စိုးရိမ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် နောင်ချိုမြို့ကို အကြမ်း ဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျဲချခဲ့သော ဗုံးသည် လေပေါ်တွင် ပေါက်ကွဲပြီး မီးခိုးများ ထွက်လာခြင်းကြောင့် ဓာတုအဆိပ်ငွေ့ဗုံး ဖြစ်မည်ကို ပြည်သူများ စိုးရိမ်နေရကြောင်း၊ ဒုတိယဗုံးသည် နောင်ချိုမြို့ ဘူတာရပ် အောက်ဘက်အနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်လောက်က နောင်ချိုမြို့ထဲကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးလာကျဲသွားတယ်။ ပထမချတဲ့အလုံးက လေပေါ်မှာ တင်ကွဲသွားပြီး မီးခိုးတွေတအားအူ ထွက်လာတယ်။ ဒုတိယ အလုံးကတော့ ဘူတာရပ် အောက်ဘက်နားကို ကျရောက် ပေါက်ကွဲတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ မိုးတွေတအားရွာနေတယ်။ အပြင်ထွက်လို့ မရသေးတဲ့အခြေနေပါ။ အပေါ်မှာတင်ကွဲတဲ့ အလုံးက မီးခိုးတွေ တအားထွက်တော့ ဓာတုအဆိပ်ငွေ့ဗုံးဖြစ်မှာကို ပြည်သူတွေ ထိတ်လန့်နေကြတယ်။ နောင်ချိုမှာက စျေးကို mobile သဘောနေရာရွှေ့ပြီး လုပ်နေတာပါ။ အခုက အလှည့်ကျစျေးနဲ့ မလှမ်း မကမ်း နေရာကို ချိန်ကျဲသွားတဲ့သဘောပဲ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
နောင်ချိုမြို့နယ်သည် TNLA က ထိန်းချုပ် တိုက်ခိုက်သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး TNLA အုပ်ချုပ်ရေးများ စတင်နေပြီဖြစ်သော မြို့နယ်တစ်ခုလည်းဖြစ်သည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် တစ်စင်း။ (ပုံအဟောင်း ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar