ရေဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ
ရန်ကုန်၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ရေဦးတိုင်းရင်းဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈၀ ခန့်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရေဦးမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မူးဆုံနှင့် မစိုးရိမ် အကြားတွင် ရောက်ရှိနေပြီး ခြုံရွာနှင့် ကျီကုန်းရွာ ဘက်ကို ဦးတည် ထွက်ခွာလာရန် လုပ်ဆောင်နေကြောင်း၊ ဒီပဲယင်းမြို့ပေါ်တွင်လည်း အဆိုပါ အကြမ်းဖက် စစ်ကြောင်းကို ကြိုဆိုရန် မြို့အထွက် ကံပြားဘက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ လက်ရှိချိန်တွင် မုတ်စီ ၊ ငြုတ္တုံ ၊ ပြည်တော် ၊ မစိုးရိမ်ရွာများ အပါအဝင် ကျေးရွာပေါင်း ၁၀ရွာကျော်မှ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော် မိုးထဲရေထဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“အကြမ်းဖက် စစ်ကြောင်းက အင်အား ၈၀ လောက်ရှိတယ်။ ရေဦးမြို့ တိုင်းရင်း စစ်ခွေး အထိုင်ကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး အနောက်ဘက်ခြမ်း ရွာတွေဘက်ကို စထိုးလာတယ်။ အခုလက်ရှိ မူးဆုံနဲ့ မစိုးရိမ်ကြားမှာ ခြေကုတ်ယူထားပြီး ခြုံရွာနဲ့ ကျီကုန်းရွာတွေဘက်ကို ဦးတည်ဝင်ရောက်ဖို့ လှုပ်ရှားနေတယ်။ ရေဦးကနေ ဒီပဲယင်းကို စစ်အင်အားချိန်းပြီး ရေဦးကို ပြန်လှည့်မယ်လို့ ခန့်မှန်းရတယ်။ ဒီနေ့မနက် အကြမ်းဖက်စစ်ကြောင်း ၄ နာရီခွဲလောက်ကစလို့ အနောက်ဘက်ခြမ်းကို စထိုးလာတာကြောင့် ပြည်သူတွေ မိုးထဲရေထဲ ပြေးနေရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။