29 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၆၀၀၀ ကျပ်အထိ ပြန်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၇၃ သိန်းအထိ စျေးပြန်မြင့်တက်၊ ငွေလဲနှုန်း အတက်အကျ အပြောင်းအလဲ အလွန်မြန်ဆန်နေ၍ စီးပွားရေးလုပ်ငန်းများ အခက်တွေ့နေရ

Must read

အမေရိကန်တစ်ဒေါ်လာလျှင် ၆၀၀၀ ကျပ်အထိ ပြန်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၇၃ သိန်းအထိ စျေးပြန်မြင့်တက်၊ ငွေလဲနှုန်း အတက်အကျ အပြောင်းအလဲ အလွန်မြန်ဆန်နေ၍ စီးပွားရေးလုပ်ငန်းများ အခက်တွေ့နေရ

ရန်ကုန်၊ ဩဂုတ် ၁၆

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၇၃ သိန်းအထိ စျေးပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် ၇၀၀၀ ကျော်အထိ ထိုးတက်ခဲ့သော ငွေလနှုန်းသည် ယမန်နေ့တွင် အလွန်အမင်း ကျဆင်းခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၅၅၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကြောင်း၊ သို့ရာတွင် ယနေ့တွင်မူ အမေရိကန်ဒေါ်လာစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာ ၆၀၀၀ ကျပ်အထိ စျေးနှုန်းပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

“အခုသိရသလောက်ကတော့ ဗဟိုဘဏ်က ရောင်းပေးမယ်ဆိုတဲ့ ဒေါ်လာ သန်း ၁၀၀ ဆိုတာကို ဆီသမားတွေ မရကြဘူး။ ဆီတင်သွင်းမှု ပမာဏအတိုင်း အပြည့်မရကြဘူး။ ရာခိုင်နှုန်းတစ်ခုအထိပဲရတယ်။ စျေးကလည်း ဗဟိုဘဏ် သတ်မှတ်စျေးထက် မြင့်တယ်။ လိုသလောက်လည်း မရောင်းပေးနိုင်ဘူး။ ဆိုတော့ ဆီက ခဏလောက်ပဲ ပြေလည်မယ့်သဘောပဲ။ အဲဒါတစ်ချက်။ နောက်တစ်ချက်ကတော့ ချေးငွေ အပေါ် ဘဏ် တိုးနှုန်း ၁၅ ရာခိုင်နှုန်း မြှင့်တာက စီးပွား ရေးတွေ ပိုပြီး အထိနာမယ့်အခြေအနေဖြစ်နေတယ်။ စီးပွားရေး ကောင်းမနေဘူး။ အဲဒါကို ချေးငွေဘဏ်တိုးနှုန်း ထပ်တိုးတော့ စီးပွားရေးကောင်းလာဖို့မရှိဘူး။ စစ်ဖြစ်တာနဲ့ လူတွေ ပြောင်းကြ ရွှေ့ကြ အဲဒါတွေကလည်း မငြိမ်ဘူး။ အကြောင်းပေါင်းစုံပါပဲ။ အဲဒါကြောင့် စျေးကွက်မှာ ဒေါ်လာ Injection လုပ်တယ်လို့ သတင်းထွက်ရင် ခဏအကျပြတယ်။ လောက် လောက်လားလားမဟုတ်ရင် တဟုန်ထိုးပြန်တက်တယ်” ဟု UMFCCI မှ အလုပ် အမှုဆောင် စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

UMFCCI အတွင်းတွင်လည်း ဒေါ်လာတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေလဲနှုန်း အကြီးအကျယ် လှုပ်ခတ်နေ၍ စီးပွားရေးများ လည်ပတ်ရန် ခက်ခဲနေသော အခြေအနေများ ဖြစ်ပေါ်နေသဖြင့် “နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ ငွေကြေးစီးဆင်းမှု လုပ်ငန်းလည်ပတ်မှုကို ဖြစ်ပေါ်စေမည့် လုပ်ငန်းစဉ်များနှင့် ဖြစ်သင့်သော ငွေလဲနှုန်းဖြစ်ပေါ်ရေး” စီစဉ်ဆောင်ရွက်ပေးရန် စစ်ကောင်စီထံသို့ တင်ပြထားကြောင်း သိရှိရသည်။

“ငွေလဲနှုန်းမငြိမ်ရင် ဘာမှ လုပ်လို့မရဘူး။ ငွေလဲနှုန်း စျေးတက်ရင်လည်း အတက်မှာပဲငြိမ်နေလိုက်၊ စျေးကျမယ်ဆိုရင်လည်း အကျစျေးမှာ ငြိမ်နေလိုက်။ ငြိမ်နေမှ စီးပွားရေးက လုပ်လို့ရမှာ။ အခုလိုကြီး တစ်နေ့ တစ်မျိုး တက်လိုက် ကျလိုက်ကြီးက ဘာမှကို လုပ်လို့မရတာ” ဟု ရန်ကုန်မှ ဆေးနှင့်ဆေးဝါးပစ္စည်းတင်သွင်းရောင်းဝယ်သူက ရှင်းပြသည်။

ထို့ပြင် ရွှေစျေးနှုန်းမှာလည်း မီးလင်းရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၃ သိန်းဝန်းကျင်အထိ စျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း၊ သို့ရာတွင် အဝယ်အရောင်းများ ရပ်တန့်နေကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article