ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို ဂုဏ်ယူဝမ်းမြောက်ပြီး ကြားဖြတ် အစိုးရအနေနှင့် NUG ၊ မဟာမိတ်တိုင်းရင်းသားများကို ပူးပေါင်းပံ့ပိုးရန် ဆန္ဒပြုကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများက သဝဏ်လွှာ ပေးပို့
ရန်ကုန်၊ ဩဂုတ် ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာဏာရှင် အစိုးရကို ၁၀ စုနှစ်ကျော် မဆုတ်မနစ်တောင်းဆို တိုက်ပွဲဝင်ခဲ့ကာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အာဏာစွန့်လွှတ်ရသည်အထိ အောင်မြင်မှုအတွက် ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေနှင့် NUG အစိုးရ၊ မဟာမိတ်တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအင်အားစုများကို ပူးပေါင်းပံ့ပိုးဖို့ ဆန္ဒပြုကြောင်း မြန်မာ့ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ၂၅၅ ဖွဲ့က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ ၅၀၀ ကျော်အတွက် မြန်မာ့နွေဦးတော်လှန်ရေးတွင် အသက်ခန္ဓာနှင့် အိုးအိမ်များ စွန့်လွှတ်ပေးဆပ်သွားကြသူများနှင့် ထပ်တူ ဂါဝရထား အလေးပြုကြောင်း၊ အကြမ်းဖက်ဖိနှိပ်မှု ဖြစ်ရပ်များအတွက် တရားမျှတမှု ပြန်လည်ရရှိစေရန် ဆောင်ရွက်ကြမည့် လှုပ်ရှားမှုများတွင် အောင်မြင်မှု ဆက်လက်ရရှိရေး ဆန္ဒပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ ကြားဖြတ်အစိုးရအဖြစ် တာဝန်ယူမည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာ မုဟမ္မဒ် ယူနွတ်စ် ဦးဆောင်သည့် အကြမံပေးတာဝန်ခံများအနေနှင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တကွ မဟာမိတ်တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအင်အားစုများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကို ပူးပေါင်းပံ့ဖိုးရန် ဆန္ဒပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒီမိုကရေစီနှင့် လူ့အခွန့်အရေးများကို အာမခံပြီး လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားအစိုးရကို တာဝန်ခံသည့် နိုင်ငံရေးစနစ်ပြန်လည်ထွန်းကားအားကောင်းစေရန် ရည်မှန်းသည့် ဘင်္ဂလားဒေ့ရှ်ကျောင်းသားလူငယ်များ၊ အလုပ်သမားများနှင့် လယ်သမားအင်အားစုများ၏ လှုပ်ရှားမှုများသည် မြန်မာ့နွေဦးတော်လှန်ရေးရည်မှန်းချက် ပန်းတိုင်များနှင့် အတူတကွဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အမြစ်ဖြတ်ရေးနှင့် တန်းတူရည်တူရှိသည့် ဖက်ဒရယ်တိုင်းပြည် တည်ထောင်ရေးတော်လှန်ရုန်းကန်မှုတွင်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်အနေနှင့် မြန်မာပြည်သူများဘက်က ပြည့်ပြည့်ဝဝ ရပ်တည်ထောက်ခံမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာအကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရသည့် ရိုဟင်ဂျာလူမျိုးစုများကို လူသားချင်းစာနာမှုအကူအညီ စောင့်ရှောက်ထားကြသည့် ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအသစ်အနေနှင့် ရိုဟင်ဂျာလူမျိုးစုများအရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ရခိုင်ပြည်ကိုယ်စားပြု အင်အားစုများနှင့် အတူတကွ ပူးပေါင်း၍ အကောင်းဆုံးနည်းလမ်းများနှင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။