နမ့်ဆန်နှင့် လယ်ဒို မြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
ရန်ကုန်၊ဩဂုတ် ၁၆
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA ကပြောဆိုသည်။
ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က နမ့်ဆန်မြို့ကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
သြဂုတ်လ ၁၃ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ်က နမ့်ဆန်မြို့ အတွင်းကို ဂျက်လေယာဥ်ဖြင့် ၃ ကြိမ်လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒေသပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၄၀ မိန်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ − ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၇၄ နှစ်အရွယ် ဦးသိန်းကျော်၊ အသက် ၃၆ နှစ် အရွယ် စောနေဘလု နှင့်အသက် ၆၀ နှစ် အရွယ် ဦးလှသောင်း တို့ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ကျေးရွာနေပြည်သူ ဦးသိန်းကျော်၏ နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ပြီး စောနေဘလု မွေးမြူထားသော နွား ၂ ကောင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။