စစ်ရှုံးစစ်ကောင်စီက အရပ်ဘက်နှင့်စစ်ဘက်တွဲဖက်ပါဝင်သော လုံခြုံရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ ဖွဲ့စည်းပြီး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်မည်၊ စစ်ရေးဆိုင်ရာ ဗဟိုထိန်းချုပ်မှု လျှော့ချပြီး နယ်မြေလုံခြုံရေးအဖွဲ့များကို အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့်များ ပိုပေး
ရန်ကုန်၊ ဩဂုတ် ၁၉
မြန်မာတစ်နိုင်ငံလုံးတွင် စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီက အရပ်ဘက်နှင့်စစ်ဘက်တွဲဖက်ပါဝင်သော လုံခြုံရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ ဖွဲ့စည်းပြီး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့ တွင် စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်သော လုံခြုံရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ထဲရေး၊ ကာကွယ်ရေး စစ်ရုံး၊ ဒုတိယတိုင်းမှူးများ၊ ပြည်နယ်နှင့်တိုင်းစစ်ကောင်စီ လုံခြုံရေးဝန်ကြီးများ၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် အဖွဲ့ဝင် ၁၄ ဦး ပါဝင်ကြောင်း သိရှိရသည်။
ယင်းအဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်း၊ တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ရိက္ခာနှင့်ထောက်ပို့ များ လုပ်ဆောင်ခြင်း၊ စစ်ဆင်ရေး နည်းဗျူဟာများ လေ့ကျင့်ခြင်း များဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းအဖွဲ့က နယ်မြေလုံခြုံရေး၊ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများသို့ ထောက်ပို့၊ ဆက်သွယ်ရေး၊ ဒဏ်ရာရလူနာများ ကယ်ဆယ်ထုတ်ရေး၊ ပြုန်းတီးအင်အားများနေရာတွင် အစားထိုးခန့်အပ်ခြင်း၊ စိတ်ဓာတ်ပိုင်းဖြည့်ဆည်းပေးခြင်း၊ နည်းပညာမြင့်စစ်လက်နက်များ ကိုင်တွယ်အသုံးပြုခြင်းနှှု့် အတတ်ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းခြင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်အညီ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်များ ပေးခြင်း၊ တိုင်းစစ်ဌာနချုပ်များနှင့်ညှိနှိုင်း၍ နယ်မြေများကို ပိုင်းခြားပေးခြင်းနှင့် တာဝန်အမျိုးအစားသတ်မှတ်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရနှင့် ကျဆုံးစစ်သည်များအတွက် ထောက်ပံ့ကူညီမှုများ ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
“စစ်တိုက်တာ၊ တိုက်ပွဲတွေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်တင်မဟုတ်တော့ဘူး။ အရပ်ဘက်နဲ့ စစ်ဘက်ပူးတွဲ တာဝန်ယူရတာမျိုး။ ပြီးတော့ တိုင်းမှူးတွေဆီမှာပဲ စစ်ဆင်ရေးအတွက် တာဝန်ရှိတာတင်မဟုတ်တော့ဘူး အဲဒီအဖွဲ့တွေကလည်း ပူးတွဲ တာဝန်ယူမှာမျိုး။ တပ်ရဲ့ တာဝန်တွေကို ခွဲထုတ်ပေးလိုက်တဲ့သဘောဖြစ်ပါတယ်။ Decentralization လုပ်တာပါ။ ဗဟိုထိန်းချုပ်မှုကို လျှော့ပြီး သက်ဆိုင်ရာ နယ်မြေတွေမှာ စစ်ရေး လုပ်ပိုင်ခွင့် တွေပေးလိုက်တာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရပြီးနောက် စစ်ကောင်စီက စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့် ထိန်းချုပ်မှုများကို ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။