စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင် စစ်ကူများ ချထားပေးမှုကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာ
ရန်ကုန်၊ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် စစ်ကူများ ချထားပေးခြင်းကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် မြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး ၊ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များက တောက်လျှောက်ဆိုသလို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ စစ် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် တောက်လျှောက် ချထားပေးလာကြောင်း၊ အဆိုပါ စစ်ကူစစ်ကြောင်းများမှာ ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည် ဦးတည်လာပြီး တော်လှန်ရေးတပ်များနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ နောက်ဆုံးတွင် တော်လှန်ရေးတပ်များက မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“Mi-35 ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက် ပစ်တာ။ နောက်ပြီး အောင်ချမ်းသာရွာနားမှာ စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေကို အခေါက်အခါခါချတယ်။ အဲဒီကနေ မြို့ထဲကို ပြန်တက်လာတာ။ မနေ့ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်တယ်။ အခုတော့ ကျနော်တို့ မြို့ပေါ်ကနေ ခဏ ပြန်ဆုတ်ထားတယ်။ ပတ်ပတ်လည်မှာတော့ ကျနော်တို့ ၀ိုင်းထားဆဲပါပဲ။ မြို့ပေါ်စခန်းတွေနဲ့ ရုံးတွေကနေ ခဏ ဆုတ်ခွာထားတာပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှု ၊ ရွှေဘိုခရိုင်အတွင်းရှိ တပ် ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့ နယ် ပကဖ၊ ဘုတလင်မြို့နယ်ပကဖ အပါအဝင် ပူးပေါင်းတပ်များပါဝင်ကြောင်း၊ ရေဦးမြို့မှ ထွက်လာသော စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ရေဦး၊ဒီပဲယင်းပကဖတပ်ဖွဲ့များက ထိရောက်စွာတားဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ အလံဖြူထောင် လက်နက်ချပူးပေါင်းသူ စုစု ပေါင်း ၁၂၃ ဦးရှိပြီး ပျူစောထီး ၂ ဦး၊ Non-CDM ဝန်ထမ်း ၄၁ ဦး၊ Non-CDM ဝန်ထမ်းမိသားစုဝင် ၈၀ ဦးရှိကြောင်း၊ အားလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်ထိန်းချုပ်ထားခဲ့စဉ်။