MNDAA က ရှမ်းပြည်အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင် အထည် ဖော်နေပြီ
■ လားရှိုး ပြည်သူ့ဆေးရုံတွင် ပြည်သူများကို ဆေးကုသပေးနေပြီး နိုင်ငံ တကာ အဆင့်မီ ဆေးရုံကြီးအဖြစ် တည်ထောင်သွားမည်
ရန်ကုန်၊ ဩဂုတ် ၁၉
ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော ရှမ်းပြည် အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီကျန်းမာ ရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အထူးဒေသ ၁ ၏ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာဘသက် က ပြောဆိုသည်။
၁၀၂၇ ပထမလှိုင်း ပြီးစီးချိန်ကတည်းက အထူးဒေသ ၁ တွင် ကျန်းမာ ရေး ဌာနဖွင့်လှစ်လိုက်ပြီး CDM များအပါအဝင် ကျန်း မာရေးဝန်ထမ်းပေါင်း ၅၀၀ ဝန်းကျင်ဖြင့် စတင်လည်ပတ်ခဲ့ကြောင်း ၊ ယင်းနောက် ကုသရေးလုပ်ငန်းများကို အကောင် အထည် အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း သိရှိရသည်။
“အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ Operation နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ခန့်နဲ့ ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့။ အထူးဒေသ ၁ ကျန်းမာရေးဌာနကို ရည်ရွယ်ချက် ၃ ချက်နဲ့ အကောင်အထည်ဖော်ပါတယ်။ နံပါတ် ၁က အထူးဒေသ ၁ အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေးတန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဘက်ဘက်က ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ် အဆင်မြှင့်တင်ရန်နဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်တစ်ခုကိုတည်ဆောက်ရန်ဖြစ်ပါတယ်။ ကျနော်တို့ လို ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးဖြစ်ပါတယ်” ဟု CDM ဆရာဝန် ဒေါက်တာဘသက်က ပြောဆိုသည်။
လက်ရှိ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီး လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိကြောင်း၊ တစ်ရက်တည်းတွင် လူနာလာရောက်ပြသမှု ၁၆၈ ဦးရှိပြီး အတွင်းလူနာ ၃၈ ဦးရှိပြီဖြစ်ကြောင်း၊ လားရှိုးမြို့တွင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစက်ပစ္စည်းများကို တပ်ဆင်သွားရန် ရှိကြောင်း သိရှိရသည်။
“လားရှိုးပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့ကနေစပြီးတော့ ပြန်လည် လည်ပတ်နေပါပြီ။ လူနာတွေကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုပြီးတော့များလာပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူမျိုးဘာသာ မရွေးကုသမှု ခံယူနိုင်ပါတယ်။ လက်ရှိ တက်ရောက်ကုသမှုမှာ မနေ့က တစ်ရက်တည်းတင် OPT လူနာက ၁၆၈ ဦးရှိပြီးတော့ အတွင်းလူနာက ၃၈ ဦးရှိနေပါပြီ။ အဲဒါအပြင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ကုသမှုပေးနေပါတယ်။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးတွေ ခေတ်မီစက်ကိရိယာတွေ ဖြည့်စွက်ပြီးတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်အောင် တည်ဆောက်သွားပါမယ်” ဟု အထူးဒေသ ၁ မှ ဒေါက်တာဘက်သက်ပြောဆိုသည်။
MNDAA က လားရှိုးမြို့အပါအဝင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို ဩဂုတ် လ ၃ ရက်နေ့တွင် တရားဝင် သိမ်းဆည်းရရှိကြော်ငး တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။