ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ကမ္မ ကားလမ်းပိုင်းရှိ ညောင်ဂျစ်ပင်ရွာ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးပြီး သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်မှစတင်၍ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မ ကားလမ်းမပေါ်ရှိ ညောင်ဂျစ်ပင်ရွာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်စွဲထားသော ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ နံနက် ၆ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး G3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ပျူစောထီးခေါင်းဆောင်၏ နေအိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ ပေါက်မြို့နယ် -YGF တပ် ဖွဲ့ ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ၊ဗိုလ်မီးတောက် ၊ Air Frighter (မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ ThuRain-TR နှင့် Young Force UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။